ကားအဲယားကွန်း မသုံးပေမယ့် အေးအောင် လုပ်နည်း


ကားအဲယားကွန်းဖွင့်ထားရင် အကုန်အကျများပါတယ်။ သို့ပေမယ့် ရာသီဥတု ဒဏ်ကြောင့် မဖြစ်မနေ အသုံးပြု ကြရပြန်ပါတယ်။ အချို့ ကားများ ကျတော့လည်း အဲယားကွန်း သုံးကို မသုံးပါဘူး။ အထူးသဖြင့် ဟိုင်းလပ် ဘတ်စ် နဲ့ တက္ကဆီ တော်တော်များများ ဖြစ်ပါတယ်။ ဒီတော့ ပူအိုက်လှတဲ့ ရန်ကုန်၊ မန္တလေး နဲ့အခြား မြို့ ၊ ရွာများမှာ ကားမောင်းမယ်ဆိုရင် အပူဒဏ် ကို လျော့ချဖို့ လိုအပ်ပါပြီ။ အဲယားကွန်း မသုံးပေမယ့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အပူဒဏ်က ကာကွယ်နေတဲ့ ဒရိုင်ဘာများစွာလည်း ရှိပါတယ်။ ယခုဖော်ပြမှာ ကတော့ ဒရိုင်ဘာတစ်ယောက်အတွက် အဲယားကွန်းမသုံးပဲ နည်းစနစ်ကျကျ အပူဒဏ်ကာကွယ်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

၁။ ကားရဲ့  လေဝင်လေထွက်ပေါက် (Vent) တွေမှာ ရေစိုအဝတ်ပါးပါးလေး အုပ်ထားပေးရပါမယ်။ ဝင်လာတဲ့ လေထဲက အပူကို စစ်ထုတ်ပေး မှာ ဖြစ်တဲ့အတွက် လေပူကို အနည်းဆုံးလျော့ချပေးမှာ ဖြစ်ပါတယ်။

၂။  ခြေဗလာနဲ့ ကားမောင်းခြင်းဖြင့်လည်း အပူဒဏ်လျော့ချနိုင်ပါတယ်။ ဒါကတော့ တော်တော်များများ သိကြပါတယ်။ ဖိနပ်စီးပြီး လီဗာ၊ ဘရိတ် တို့ နင်းနေတာထက် ခြေဗလာနဲ့ နင်းနေတာက အပူသက်သာပါတယ်။

၃။ ဆံပင်ရေနည်းနည်းစွတ်ပြီးမောင်းနိုင်ပါတယ်။ သို့ပေမယ့် ဒါက ကျန်းမာရေးအတွက် အန္တရယ် ရှိတတ်ပါတယ်။ အရမ်းပူနေချိန်၊ ချွေးအရမ်း ထွက်နေချိန်မှာ ဆံပင်ရေစွတ်မိရင်တော့ မကောင်းပါဘူး။ မမောင်းခင်၊ အိမ်က စထွက်ကတည်းက ဆံပင်ကို ရေနည်းနည်းစွတ်ထားတာမျိုးဆိုရင် အဆင်ပြေပါတယ်။ ဒါဆို ဆံပင်က ရေငွေ့တွေကြောင့်လည်း အပူသက် သာပြန်ပါတယ်။

၎။ ၁၀ပေါင်ဖိုး အလေးချိန်ရှိတဲ့ ရေခဲထုတ်ကို ပလပ်စတစ်အိတ်လုံလုံခြုံခြုံထဲ ထည့်မယ် ပြီးတော့ ဒရိုင်ဘာ ခြေထောက်ချတဲ့ နေရာမှာ ခင်းပေးထားမယ် ဆိုရင်လည်း အောက်က တက်လာတဲ့ အပူကို လျော့ချပေးပါတယ်။

၅။ ရေခဲဗူး ဆောင်ထားရပါမယ်။ ပူတယ်လို့ ခံစားရတိုင်း ရင်းရေခဲဗူးကို လည်ပင်းမှာ ကပ်ကပ်ပေးနိုင်ပြီး ရေသောက် ရင်တောင် အေးတဲ့ရေကို ပဲရွေးချယ် သောက်သုံးသင့်ပါတယ်။ ဒါကြောင့် ရေခဲရေဗူးဆောင် ထားခြင်းဖြင့်လည်း အပူလျော့ချ နိုင်ပါတယ်။

၆။ တစ်နေရာက တစ်နေရာ ခရီးသွားတယ်ဆိုရင် အချိန်ကောင်းရွေးရပါ မယ်။ နေ့ခင်းပူတဲ့အချိန်ထက် မနက်စောစော နေအေးတုန်း (သို့မဟုတ်) ညနေ နေဝင်ခါနီးအချိန်တို့ ရွေးသွားရင်လည်း အပူ သက်သာပါတယ်။ တက္ကဆီယာဉ်မောင်းများကတော့ အချိန်မရွေးမောင်းနှင်နေရတဲ့အတွက် ဒီနည်းလမ်းက အဆင်မပြေပါဘူး။

၇။ မီးပွိုင့်မိရင်တော်တော်များများ စိတ်စောကြပါတယ်။ မီးပွိုင့်တစ်ခု မှာ စောင့်လိုက်တိုင်း၊ ဇောချွေးများ ပြန်တတ်ကြပါတယ်။ ဒီမှာ စိတ်ရှည်ရှည် ထားပြီး သူ့ flow အတိုင်းလိုက်သွားရင် အပူသက်သာပါတယ်။

၈။ လမ်းကောင်းတဲ့နေရာကို ရွေးမောင်းသင့်ပါတယ်။ ပြီးတော့ သစ်ပင်သစ် ရိပ်များတဲ့လမ်းကို ရွေးချယ်မောင်းနှင် သင့်ပါတယ်။

၉။ ကားမှန်အဖွင့်အပိတ်က ပုံသေမှတ်လို့မရပါဘူး။ မီးပွိုင့်မိနေတုန်း ကားမှန်ဖွင့်ထားမယ်။ အပြင်ကလည်း လေပူနဲ့၊ အနံ့တွေဝင်နေမယ်ဆိုရင် ပိုပြီးတော့ ပူပါသေးတယ်။ အခြေအနေအချိန်အခါကြည့်ပြီး ကားမှန်ကို အတင်အချလုပ်သင့်ပါတယ်။ အဲဒါမျိုးဆိုရင် အတွင်းက လေထွက်ရုံလေး အတွက် အနည်းငယ် ဖွင့်ထားရင် လုံလောက်ပါတယ်။ မောင်းနေစဉ် ဆိုရင်တော့ အဆင်ပြေသလို ဖွင့်ထားနိုင်ပါတယ်။ လေအရှိန်ကို ထိုးမောင်းနေရတာ ဖြစ်တဲ့အတွက် ဝင်လာတဲ့ လေကြောင့် အပူသက်သာ ပါတယ်။

၁၀။ ဒတ်ခ်ျဘုတ်ပေါ်မှာ ပန်ကာသေးသေးလေး တင်နိုင်ပါတယ်။ ၁၂ဗို့ အားရှိတဲ့ ပန်ကာသေးသေးလေး တစ်လုံးလောက်ကို ဒတ်ခ်ျဘုတ်ပေါ် တင် တာ အပန်းမကြီးပါဘူး။ နိုင်ငံကြီးက မြို့ ကြီးအချို့ မှာတော့ ပန်ကာ ဒတ်ခ်ျဘုတ်ပေါ်တင်တာကို တားမြစ်ထားပါတယ်။ ဒီမှာတော့ အသုံးပြုလို့ရပါတယ်။

၁၁။  မှန်မှာ စတစ်ကာ အနက်ကပ်တာတော့ ခွင့်မပြုထားပါဘူး။ သို့ပေမယ့် အတတ်နိုင်ဆုံး အလင်းရောင် ထိုးလွန်းတဲ့ မှန်ကို ရှောင်သင့်ပါတယ်။ ဒါက ကိုယ်ရွေးချယ်တဲ့ မှန်အထူအပါးပေါ်မှာ မူတည်သွားပါတယ်။ ဝယ်ပြီး သား အော်ရီဂျင်နယ်မှာ ပါပြီးသားဆိုလည်း ဒီအချက်ကို ထည့်တွက်စရာ မလိုပါဘူး။

၁၂။ အဝတ်အစားလည်း အရေးကြီးပါတယ်။ ရှော့ပင်တို၊ တီရှပ်ပါးပါး ဝတ်ပြီး မောင်းနှင်တာ အပူအသက်သာဆုံးပဲ ဖြစ်ပါတယ်။ အနက်ရောင်၊ အရောင်ရင့်များကို ရှောင်ကြဉ်သင့်ပါတယ်။ ယင်းအရောင်များက အပူဆုပ်တဲ့အတွက် ဖြစ်ပါတယ်။

၁၃။ ကားကို ပါကင်ထိုးတဲ့အချိန် မှန်ကို လက်မဝက်လောက်ဖွင့်ထားနိုင်ပါ တယ်။ ဒါကတော့ နိုင်ငံတကာမှာ လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ လက်မဝတ်လောက်ဖွင့်လို့ ကားမလုံခြုံဘူးလို့ ယူဆရင်တော့ ဒီအချက်ကို ဖယ်ထားနိုင်ပါတယ်။ ကားကို ပါကင်ထိုးထားချိန် အတွင်းကလေဟာ အပြင်ကလေထက် ၁.၂ ဆပူပါတယ်။ ဒါကြောင့် မှန်ကို လမ်မဝက်ဖွင့်ထားပြီး အတွင်းလေကို အလဲအလှယ်လုပ်ပေးထားသင့်လို့ ဖြစ်ပါတယ်။

၁၄။ ကားပါကင်ထိုးတဲ့အခါ အရိပ်ရတဲ့နေရာကို ရွေးပြီး ထိုးသင့်ပါတယ်။ မဖြစ်မနေ နေပူပူအောက်မှာ ပါကင် ထိုးရမယ်ဆိုရင်လည်း မှန်တွေကို အပူကာတဲ့ ကာဗာတို့နဲ့ ဖုံးအုပ်ထားပေးရမှာ ဖြစ်ပါတယ်။

၁၅။ နေပူပူအောက်မှာ မောင်းရမယ်ဆိုရင် မှန်ထဲဝင်လာတဲ့ နေအပူကို ကာကွယ် ရပါအုံးမယ်။ ဒါကြောင့် လက်အိတ်ဆွတ်ခြင်း၊ နေကာမျက်မှန် တပ်ခြင်း၊ သတင်းစား၊ စက္ကူအပိုင်းနဲ့ တစ်မျက်နှာစာ ကာထားခြင်းတို့ကို လည်း အဆင်ပြေသလို ပြုလုပ်နေကြတာ တွေ့ရပါတယ်။

အထက်ပါနည်းများအတိုင်းဆိုရင် ရန်ကုန်နဲ့ အခြားမြို့ တွေမှာ ကားမောင်း ရင် အဲယားကွန်းမဖွင့်ပေမယ့်၊ အဲယားကွန်း မပါပေမယ့်၊ ပျက်နေပေမယ့် အပူဒဏ်ကို တော်တော်များများ လျော့ချနိုင်မှာ ဖြစ်ပါတယ်။
-----
အောင်ခမ်း

0 comments: