ဝိပဿနာကျင့်စဉ် အဘယ်ကြောင့်ကျင့်ကြံသင့်သနည်း

စာဖတ်သူတို့၏ နေစဉ်အသက်ရှင်နေထိုင်ရသည့် ရည်ရွယ်ချက်၊ ရည်းမှန်းချက် သိရှိလိုပါသည်။ သူငယ်ချင်းမိတ်ဆေများရဲ့ ဖြေကြားချက်က
“ငါကတော့ မိသားစု စားသောက်ဖို့ ငွေအလုံအလောက်၊ အိမ်နဲ့ ခြံရှိရင် လုံလောက်ပါပြီ၊ လောဘမကြီး တော့ပါဘူး”။ “ငါကတော့ ဂျပန်မှာ ငါးနှစ်လုပ်ပြီး ရန်ကုန်ပြန်လာ၊ အမေတို့နဲ့ အတူနေမယ်။”

“ငါကတော့ ဒီမှာမနေဘူးကွာ။ အခြေအနေအရပဲ။ ဟိုမှာ (နယူးယောက်) အဆင်ပြေရင် မိသားစုနဲ့ အပြီးပြောင်း မယ်”။ “ကပ္ပတိန်ဘဝနဲ့ ငါးနှစ်သင်္ဘောလိုက်ပြီး အပြီးအနားယူပြီး အေးအေးချမ်းချမ်းနေမယ်ကွာ”
“ ဗိုလ်ချုပ်ဈေးမှာ အမေတို့ဖွင့်ထားတဲ့ရွှေဆိုင်ကိုပဲ ဆက်လုပ်ရတော့မှာပေါ့၊ အဖေနဲ့ အမေကို ကျေးဇူးဆပ်ရ မယ်”။ “မလေးမှာ ရတဲ့ ပိုက်ဆံနဲ့ နယ်မှာ ပြန်ရင်းနှီးလုပ်စားမယ၊် အသက်ကြီးလာရင်တော့ ဘုရားတရား လပ်ရမှာပေါ့ကွာ”

စသည်ဖြင့်စသည်ဖြင့် ရှိကြလေ၏။ စာဖတ်သူတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကကော အဘယ်နည်း။
မိမိတို့တွင်ရှိသော အစွမ်းအစဖြင့် ဘဝကို မည်မျှမျော်လင့်ထား သနည်း။ အောင်မြင်မှုဟူသည် အဘယ်နည်း။ ပန်းတိုင်ဟူသည် အဘယ်နည်း။

လူသားတို့သည် မိမိတို့တွင်ရှိသော ခြေ၊လက်၊ ဦးနှောက်၊ စိတ် စသည်ဖြင့်တို့ဖြင့် ရှင်သန်လုပ်ကိုင်နေကြရာတွင် မိမိတို့သဏ္ဍန်တွင် ကိန်းအောင်းနေသော လောဘကို နည်းအမျိုးမျိုးဖြင့် ဘောင်ခတ်ကြသည်။ စည်းတားကြသည်။ မေးစရာတစ်ခုရှိသည်က စာဖတ်သူတို့ ထင်သလိုဖြစ်လာရဲ့လား။ စာဖတ်သူတို့ စိတ်ကျေနပ်ရလောက် အောင် ကြိုးစားလိုက်နိုင်လား။ အနီးစပ်ဆုံး မိမိတို့ ပညာရေးကိုပင် အထမြောက်အောင် ကြိုးစားနိုင်ခဲ့ပြီလား။ ဘဝသံသရာလို့ မပြောသေးနှင့်။ လူ့သံသရာကိုပဲ စဉ်းစားကြပါကုန်၊ များလိုက်သည့် လုပ်ငန်းဆောင်တာ၊ များလိုက်သည့် မိသားစု၊ များလိုက်သည့် သားသမီး၊ ဘိုး၊ဘေး၊ဘီ၊ဘင် စသည်ဖြင့် စသည်ဖြင့် မရေမတွက်နိုင် အောင် ပျော်ရွှင်မှုများ၊ ဝမ်းသာမှုများ၊ ငိုကြွေးမှုများ၊ ပူဆွေးမှုများ တစ်လည့်စီ၊ တစ်လည့်စီ ကြုံကြိုက်နေကြ သည်။ ထီပေါက်လျှင် ပျော်သည်။ အိမ်မီးလောင်လျှင် ဝမ်းနည်းသည်။ သားသမီးမွေးဖွားလျှင် ဝမ်းသား၊ဝမ်းနည်းဖြစ်သည်။ သေလွန်သူရှိလျှင် ဝမ်းနည်းမည်။

ဒါကို ဘဝဟု အဓိပ္ပါယ်ဖွင့်သည်။ ယခုဤစာကိုဖတ်ရှုနေသော စာဖတ်သူများထဲ၌ ဝမ်းနည်းနေသူရှိမည်။ ဝမ်းသာနေသူရှိမည်။ ရည်းစားနှင့် အဆင်မပြေသူရှိမည်။ မိဘနှင့် အဆင်မပြေသူရှိမည်။ ထီပေါက်သဖြင့် ပျော်နေသူလည်းရှိမည်။ အဖြေရ၍ ပျော်နေသူ လည်းရှိမည်။ စာရ၍ စိတ်ကျေနပ်သူလည်းရှိမည်။ စာမရ၍စိတ်ညစ်နေသူ လည်းရှိမည်။ များလိုက်တဲ့ လူ၊ များလိုက်တဲ့ စိတ်အပြောင်းအလဲ။ ပြီးတော့ ဒါတွေအားလုံး ပုံသေလိုက် အမြဲဖြစ်တည်နေမည်ဟု စာဖတ်သူတို့ ယုံကြည်ကြပါသလား။

ယခုပျော်နေသူတို့ တစ်ချိန်ဝမ်းနည်းရမည်။ ဝမ်းနည်းနေသူတို့ တစ်ချိန်ဝမ်းသာရမည်။ တရားသဘောဖြင့်ကြည့် လျှင် ကုသိုလ်ကံ အခွင့်ပေးတုန်းခဏ ဝမ်းသာရသည်။ ကိုယ်စိတ် ချမ်းသာရသည်။ အကုသိုလ်ကံ နှိပ်စက်သည့် ဒဏ်ခံရ သည့် အချိန်မှာတော့ ဝမ်းနည်းရသည်။ ပူဆွေးရသည်။

ကုသိုလ်ကော၊ အကုသိုလ်ပါ ပူးတွဲလုပ်လာကြသောလူသားများသည် ကောင်းသည်နှင်လည်း ကြုံမည်၊ ဆိုးသည် နှင့်လည်းကြုံမည်။ ဝမ်းသာစရာကြုံတိုင်း ပျော်မည်။လောဘတက်မည်။ ဝမ်းနည်းစရာကြုံတိုင်း ငိုကြွေးမည်။ ဒေါသထွက်မည် ဆိုပါက ပူလိုက်အေးလိုက်၊ နိမ့်လိုက်၊ကျလိုက် ဘဝကို ရေလိုက်ငါးလိုက် နေထိုင်ခြင်း  ဖြစ်သည်။

ရေလိုက်ငါးလိုက် နေရသောဘဝကို စာဖတ်သူတို့ တွယ်မတ်ကြသလား။ မိမိကိုယ်ကိုယ် မညာတမ်း ဝန်ခံကြည့် ပါ။ ဘဝကို တွယ်မတ်ပျော်နေမည်မှာ မလွဲပင်။ စိတ်ညစ်နေတုန်းခဏသာ “သေတာပဲကောင်းတယ်။ ဘဝက စိတ်ကုန်ဖို့ကောင်းတယ်” ဟု ငြီးညူပြောဆိုကြသည်။ တကယ်ဝမ်းသာနေသည့် အချိန်၌ “မင်းလည်း တစ်နေ့သေရမဲ့လူသားပါ” ဟုသွားပြောလျှင် “မင်း တရားတွေပေါက်နေပြီ။ တောထွက်ချင်နေပြီလား” ဟုပင် နောက်ပြောင် ပြောဆိုချေလိမ့်မည်။
မှန်ပါသည်။ စာဖတ်သူတို့ ကြားနေကျစကားတစ်ခွန်းပြောရမည်ဆိုလျှင် လူသားတို့ တစ်နေ့သေရမည်။ သေကိုသေရမည်။

“ဟားဟား…တစ်နေ့သေရမှာကို မင်းမပြောနဲ့ လမ်းဘေးကလေးမေးတောင်သိတယ်” ဟု တွေးမြင်ယူဆသူများ လည်း ရှိကြမည်။ တစ်နေ့သေရမည်ကို လူတိုင်းသိသည်။ တစ်နေ့အိုရမည်။ နာရမည်ကို လူတိုင်းသိသည်။ သို့သော် ထို အိုရခြင်း၊ နာရခြင်း၊ သေရခြင်း ကိစ္စတို့ကို ကြောက်အမှန်တကယ်ရော ကြောက်ရွှံ့ကြသလော။ “အိုတယ်ဆိုတာ အလှပျက်၊ အသားအရည်ပျက်စီးတာ၊ နာတယ်ဆိုတာ ထိမိရှမိရင်။ သေတာကတော့ သေသွားတာပေါ့ကွာ” ဟု သူငယ်ချင်းမိတ်ဆွေတစ်ဦးကဖြေကြားဖူးသည်။ စာဖတ်သူတို့ တကယ်ပဲ သေရမည့် ဝဋ်၊ နာရမည့် ဝဋ်၊ အိုရမည့် ဝဋ်ကို ခံစားသိမြင်နိုင်ကြသလား။ တကယ်ပဲ သဘောပေါက်၊ ကြောက်ရွှံ့ကြသလား။ နောင်ခါလာနောင်ခါဈေး ဟူသော စကားဆိုသူလည်း ရှိချေမည်။

လူသားတို့ပင်မက သတ္တဝါအားလုံး နေ့စဉ်ရှင်သန်၊ လုပ်ကိုင်ကြိုးပမ်းရင်း တစ်နေ့ အိုကြမည်၊ နာရမည်၊သေကြမည် ဖြစ်သည်။

ဘဝဆက်တိုင်း ကိုယ် နှင့် စိတ် ချမ်းသာခြင်းပြည့်စုံရန် အလှူအဒါန်းပြုကြသည်။ ကျန်းမာရေးကောင်းမွန်ရန်၊ သီလများစောင့်ကြ သည်။ကုသိုလ်ပြုခြင်းသည် ကောင်းရာဘုံဘဝ သို့ရောက်စေပြီး၊ အကုသိုလ်ပြုမှုသည် မကောင်း ဒုက္ခတိဘုံသို့ ရောက်စေသည်။ ထို့ကြောင့်လူသားတို့သည် ဤ ၃၁ ဘုံတွင် ကြင်လည်နေကြ ခြင်းဖြစ်ချေသည်။
စာဖတ်သူတို့ ဘဝကိုချစ်သလား။ မိဘကိုချစ်သလား။ သားသမီးချစ်သလား။ ချစ်သူကိုချစ်သလား။ သူငယ်ချင်း ကို ချစ်သလား။ မိမိကိုယ်ကိုယ်ချစ်သလား။

ချစ်ကြသည်။ အဝိဇ္ဇာ (မသိမှု) နှင့် ကပ်ငြိစွဲလမ်းမှု (တဏှာ) ထုံမွန်းမှုကြောင့် ချစ်ကြသည်။ မုန်းကြသည်။ လောဘတက်ကြသည်။ ဒေါသထွက်ကြသည်။ ကောင်းသည့် ဟိတ်တရား (အဟိတ်) (အလောဘ၊ အဒေါသ၊ အလောဘ) ယှဉ်သည့် အခါ၌ ကုသိုလ်ပြုကြ သည်။ ကောင်းသည့်လုပ်ငန်းဆောင်တာများပြုလုပ်သည်။ စိတ်ကို သန့်ရှင်းစေသည်။ မကောင်းသည့် ဟိတ်တရား (လောဘ၊ဒေါသ၊မောဟ) ယှဉ်သည့်အခါ အကုသိုလ်ဒုစရိုက် အမှုများ ပြုလုပ်ကြချေသည်။ စာဖတ်သူတို့ ဘဝကို စိတ်မကုန်သေးဘူးလား။

နက်ဖန်သွားလာရန် ပြင်ဆင် နေကြ သည်။ စာမေးပွဲဖြေရန် စာကျက်နေကြသည်။အသက် ရှင် နေထိုင်ရရန် နေ့တိုင်း ရုံးတက်သည်။ အလုပ်လုပ်သည်။ စာဖတ်သူတို့ ပျော်ကြသည်လား။ သွားနေလာနေ၊ အိပ်နေ၊ ပြောနေ၊ စားသောက်နေသည်ကို ပျော်ရွှင်ကြသလား။ စာဖတ်သူတို့ စိတ်ညစ်လာလျှင် တစ်မျိုးပြောမည်။ စိတ်ချမ်းသာ၊ ပျော်ရွှင်နေသည့် အခါ တစ်မျိုးပြောမည်။ လူတစ်ကိုယ်စိတ်တစ်မျိုးမက။ လူတစ်ကိုယ် စိတ်ပေါင်း အထွေထွေများလှသည်။ စိတ်ဖြစ်ပျက်များ ကဋေမကဖြစ်ပျက်နေသည်။

ဒါတွေအားလုံး (လောဘ၊ဒေါသ၊မောဟ၊ …..) တို့ကို သေချာသိမြင်လာလျှင် ဝိပဿနာ တရားအား ထုတ်ကြည့် ပါ။ ဝိပဿနာ ဟူသည် ရုပ်နှင့် နာမ်တရားတို့၏ အနိစ္စ (ပျက်ခြင်း)၊ ဒုက္ခ (နာခြင်း)၊ အနတ္တ (အစိုးမရခြင်း) တရားတို့ကို သိမြင်လာအောင် ကြိုးစားကျင့်ကြံအား ထုတ်ခြင်း ဖြစ်သည်။ ရုပ်နှင့် ခန္ဓာတို့၏ ဖြစ်ပျက်ကိုမြင်ခြင်း ဟူသည်ကား အဘယ်နည်း။

စာဖတ်သူတို့ ဝမ်းနည်းစရာကိစ္စကြုံခဲ့ရသည့် အချိန်ကာလကို ပြန်တွေးကြည့်ပါ။ ဒုက္ခရောက်ခဲ့ သည့် အချိန်ကာလကို ပြန်တွေးကြည့်ပါ။ ထိုအချိန်က စာဖတ်သူတို့ ရင်တွင်းမီးလောင်၊ ဗလဆူပွ၊ သောကမီးများ တောက်လှောင်နေသည်။ ပြောချင်ရာပြောသည်။ စိတ်ထင်ရာလုပ် ခဲ့သည်။ ယခုအခါ ယင်းလုပ်ရပ်များကို ပြန်စဉ်းစားကြည့်ပါချေ။ မှားနေတာတွေ့သည်။ မှန်နေတာတွေ့သည်။ ဒေါသထွက်ခဲ့သည့် အခါ မိမိတို့ ၏ ပြောင်းလဲသွားသော ရုပ်တရား၊ နာမ်တရားများကို ပြန်မြင်ရသည်။ ထို့ကြောင့် ဝမ်းနည်းပူဆွေး သည့် အချိန်က ရုပ်နှင့် နာမ်တရားနှင့် ယခုအချိန် ရုပ်နှင့် နာမ်တရား နှိုင်းယဉ်ကြည့်ပါ။ လားလားမှ မအပ်စပ် သည်ကို တွေ့ရချေမည်။ ဤသည်ကား အလွယ်ကူဆုံးဥပမာ ဖြစ်သည်။

စိတ်တို့သည် စက္ကန့်တိုင်း၊ စက္ကန့်တိုင်းတွင် ကဋေမကဖြစ်လိုက်ပျက်လိုက်ဖြစ်နေသည်။ ဤဖြစ်ပျက်နေမှုကို သတိကပ်သိရှိသူ အင်မတန်နည်းပါးသည်။ အရိယာ၊ ရဟန္တာ ပုဂ္ဂိုလ်တို့သာသိချေလိမ့်မည်။ သိလျှင် ဘာအကျိုးထူးသနည်း။ စက္ကန့်တိုင်းဖြစ်ပျက်နေသည့် သဘောကို နားလည်လာသည့်အခါ အသိဥာဏ်ဝင်လာ သည်။

ထိုအခါ လောဘနည်းလာသည်။ ဒေါသနည်းလာသည်။ မောဟအမှောင်မိုက်များ ပျောက်ပျက်လာရ သည်။ တစ်ခဏ လေ့လာဆန်းစစ်သိရှိလျှင်၊ တစ်ခဏ ကိလေသာ အပူမီးငြိမ်းသည်။ တစ်ဘဝစာ ခန္ဓာဥာဏ် ရောက်ကျင့်ကြံနိုင်လျှင် ဘဝမရှည်လျာတော့ပဲ ရုပ်၊နာမ်အပြီးတိုင် ချုပ်ငြိမ်းသည်။

ဘယ်လိုကျင့်မလဲ။ စာဖတ်သူတို့ ဝိပဿာကျင့်ရန် နည်းလမ်ပေါင်းများစွာကို ဆရာတော်၊ရှင်ရဟန်းများပင်မက လူပုဂ္ဂိုလ်ဆရာသမားများစွာက နည်းလမ်းညွန်ကြားပြသ ထားသည်။ မိုးကုတ်ဝိပဿနာ၊ မဟာစည်ဝိပဿနာ စသည်ဖြင့် ကျင့်စဉ်နည်းလမ်းအမျိုးမျိုး ကွဲပြားနေသော်လည်း အားလုံး ဗုဒ္ဓတရားတော်အတိုင်း ကျင့်စဉ်များဖြစ်ကြသည်။ သတိပဌာန် တရား လေးမျိုးတူတူပင်ဖြစ်သည်။  ဗောဓိပက္ခိယတရား (မဂ်ဥာဏ်သင်းအပင်း) အားလုံး အတူတူသာဖြစ်သည်။ ထို့ကြောင့် ဝိပဿနာတရားကို ယုံယုံကြည်ကြည့်နှင့် ကျင့်ကြံအား ထုတ်စေလိုသည်။

ဆိုရိုးတစ်ခုက အရွယ်သုံးပါးခွဲ၍ နောက်ဆုံးအရွယ်မှသာ တရားအားထုတ်ရန် လမ်းညွန်သည်။ ယင်းကား မှားယွင်းသည့် အယူအဆဖြစ်သည်။ လူဟူသည် မည်သည့်နေ့၊ မည်သည့် ရက် သေရမည်ကို ကြိုမသိချေ။ ဝိပဿနာတရားမကျင့်ကြံ အားမထုတ်ထားလျှင်၊ ရောက် တတ်ရာရာဘုံဘဝ ရောက်သည်။ အပါယ်ငရဲကျသည်။ လူပြန်ဖြစ်သူရှားသော်လည်းဖြစ်သူ လည်းရှိမည်။ နတ်ပြည်ရောက်မည် စသည်ဖြင့် အားလုံး ၃၁ ဘုံအတွင်းတွင်သာဖြစ်သည်။

 ဝိပဿာနာကျင့်ကြံအားထုတ်ပါက နိဗ္ဗာန်ရောက်ရန် ဥာဏ်မပေါက်သေးလျှင်ပင်၊ ဘဝဆက်တိုင်းအကျိုးများလှသည်။ ယခုဘဝမရသေးလည်း နောက်ဘဝတစ်ခုတွင် ဆက်လက်ကျင့်ကြံနိုင် ရန် ဓာတ်ခံအထောက် အကူပြုသည်။

နိဗ္ဗာန်ဟူသည် အဘယ်နည်း။
နိဗ္ဗာန်ဟူသည် ရုပ်၊နာမ် ခန္ဓာချုပ်ငြိမ်းရာ၊ ကိလေသာ ကင်းရာ၊ကုန်ရာရပ်ဖြစ်သည်။ ထိုအရပ်တွင် အချစ်မရှိ၊ အမုန်းမရှိ၊ ပျော်ရွှင်၊ဝမ်းနည်း၊ဝမ်းသာ၊ ပူဆွေးတို့မရှိ။ ချစ်သူမရှိ၊လူမရှိ၊ နတ်မရှိ၊ မိတ်ဆွေမရှိ၊သူငယ်ချင်းမရှိ။ ၃၁ဘုံမှ လွတ်ကင်းသော ရုပ်ကော၊ နာမ်ပါမရှိသည့် အရပ်ဒေသဖြစ်သည်။ စာဖတ်သူတို့ အမှန်တကယ်ကော နိဗ္ဗာန်ဟူသော အရပ်သို့ သွားလိုသည့် ဆန္ဒပြင်းပြကြကုန်လော။ လက်ရှိလူနေမှုဘဝကို ခင်တွယ်နေသူတို့ အတွက် တွေဝေရမည့်မေး ခွန်းဖြစ်ချေသည်။ ဘဝကို စွဲလမ်းသည့် တဏှာကြောင့် ယခုပင် နိဗ္ဗာန်ပို့ပေးမည် ဆိုလျှင်တောင် ငြင်းဆန်ကြမည့် သူများရှိချေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ စာဖတ်သူတို့ ဝမ်းနည်း၊ပူဆွေး၊ သောက ပရိဒေဝများသည့် အချိန်တွင် ဤစာကို ပြန်လည်နှလုံးသွင်း စဉ်းစားကြည့်စေလိုသည်။ ငါတကယ်ကော လူ့ဘဝအဓိပ္ပါယ်သိပြီလား။ ငါဘာလုပ်သင့်သလဲ။ စသည်ဖြင့် မေးခွန်းထုတ်မိသည့်အချိန်အခါရှိလာချေမည်။

ထို့ကြောင့် စာဖတ်သူတို့ ကြိုးစားပါ။ ဘဝအတွက်ကြိုးစားပါ။ ရှာဖွေပါ။ စားသောက်ပါ။ အစွမ်းရှိသမျှ ငွေရှာ၊ အောင်မြင်မှုရှာပြီး မိဘလုပ်ကျွေးပါ။ ကျေးဇူးဆပ်အပ်သော ပုဂ္ဂိုလ်အပေါင်းကိုဆပ်ပါ။ လောဘကို ဘောင်ခတ်ပြီး ဤမျှဆိုတော်လောက်ပြီဟု မရောင့်ရဲ့ပါနှင့်။ မပျင်းရိပါနှင့်။ သို့သော် လောဘကင်းရမည်။ ဒေါသကင်းရမည်။ လုပ်သမျှ ကိစ္စရပ်များအပေါ် အဝိဇ္ဇာ၊ တဏှာ ဖုံးဖိမှုအလွှာပါးရန် သတိနှင့် အမြဲယှဉ်နှလုံးသွင်းလုပ်ကိုင်စေလိုသည်။ ဒေါသ ထွက်လျှင် ချက်ချင်းသိ၊ လောဘတက်လျှင် ချက်ချင်းသိ၊ လောကီလုပ်ငန်းဆောင်တာကို အကုသိုလ်နည်းနိုင်သမျှနည်းသော နည်းဖြင့် ဆောင်ရွက်လုပ်ကိုင်ပါ။


မဖြစ်မနေလုပ်ရမည့် အလုပ်ဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာ တို့ကို လောကီအလုပ်လုပ်နေစဉ်တွင်ပင်တောင်မှ မပျက်မကွက် ပူးတွဲလုပ်ဆောင်ပါ။  ဒါနပြုရန်လွယ်သည်။ သီလစောင့်ရန်လွယ်သည်။ ဘာဝနာကား အချိန်ပေးပြုလုပ်အပ်သည့် အလုပ်ဖြစ်သည်။ တစ်ပတ်လုံးတွင် တစ်ရက်အချိန်မပေးနိုင်လျှင်တောင်၊ တစ်နာရီခန့်တော့ပေးစေလိုသည်။

သို့သော် ဘာဝနာအလုပ်က လောကီအမှုကိစ္စတို့လုပ်တိုင်း လည်း ဖြစ်ပျက်တရားကို ရှုသိနိုင်သဖြင့် တကူးတကအချိန်မပေးနိုင် လျှင်တောင်မှ သတိကပ်တိုင်းလုပ်နိုင် သည့် ကိစ္စရပ် ဖြစ်ချေသည်။

စာဖတ်သူတို့ လောကီဘဝရည်မှန်းချက်ခိုင်ခိုင်မာမာထားကြိုးစားလုပ်ကိုင် ရင်း  လောကုတ္တရာလုပ်ငန်းများကို မပျက်မကွက်ပြုလုပ်ကာ ဝိပဿနာကျင့်စဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားထူး၊တရားမြတ်များ ရရှိနိုင်ကြပါစေ။
--
အောင်ခမ်း( Myanmar Young Buddhist  )

2 comments:

  1. Thanks. I like this explanation as it is quite practical . I have so far no wish to renounce the worldly life but on the other hand, I feel kind of guilty for not being able to dedicate time to religious practice . Your article made me realize again that I can do both at the same time.

    ReplyDelete
  2. ဒီပိုစ့်လေးကို အကြိုက်ဆုံးပါပဲ ကျွန်တော်အစ်ကို့ ဘလော့လေးကို အမြဲဝင်ကြည့်ဖြစ်ပါတယ် မြန်မာလူငယ်တွေ အစ်ကို့ ၃ပုံတစ်ပုံလောက် သိနေရင် သိပ်ကောင်းမှာပဲဗျာ။

    ReplyDelete