လူငယ်နှင့် နိုင်ငံရေးအတွေး



ရန်ကုန်မှာနေတယ်။ အသက်က ၂၁ နှစ်။ အလုပ်အကိုင်က အွန်လိုင်းနှင့် ဆက်စပ်မီဒီယာ လစာက မိသားစု ချောင်ချောင်လည်လည်ရှိ။ ငယ်ပေမယ့် ကြိုးစားလို့ တစ်မိသားစုလုံး ဝန်ကိုထမ်းနိုင်ပြီး ကိုယ်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိသူ။

ငယ်သေးတော့ ပညာဆက်သင်ဖို့ ကြိုးစားရင်း လျှောက်ရမယ့် လမ်းကြောင်းမှန်ကိုတွေ့၊ အားလုံးကလည်း အဆင်ပြေနေတော့ ဘဝဆိုတာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ တစ်ချိန်ကျ သာယာကို သာယာမှာပါ။

ဈေးသက်သာဖုန်းတွေ ချပေးတော့မယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျောင်း တက်နေတဲ့ ညီမလေးတွေကို ဒီလကုန်လစာထုတ်ရင် ဝယ်ပေးရ မယ်လေ။ တောင်ကြီးကျောင်းတက်နေတဲ့ ညီမငယ်ကလည်း ဆိုင်ကယ်တောင်းနေပြီ။ အားလုံးစီးနေချိန်မှာ သူကတော့ လိုင်းကားစီးတယ် ဆိုတော့ တောင်ကြီးလို နယ်မြို့ မှာ ဆိုင်ကယ်ကတော့ လိုအပ်မှာပဲ။ သူ့အတွက် ပထမဦးစားပေးခေါင်းထဲမှာမှတ်လိုက်တယ်။ နောက် ၂ လလောက်ဆိုရင် ဝယ်ပေးနိုင်မှာပါ။

ရန်ကုန်မှာလည်း များလိုက်တဲ့ အလုပ်တွေ။ မအားတဲ့ကြားထဲ တိုင်းပြည်နဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်နဲ့ ပရဟိတလိုလို ပညာပြန်လည် မျှဝေပေးမယ့် အဖွဲ့ကို သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ထောင်ဖြစ် လိုက်သေး။

ဒါလည်းအဆင်ပြေနေတာပဲ။ တားဆီးမယ့်သူ မရှိဘူး။ ပိတ်ပင်မယ့်သူ မရှိဘူး။ လိုအပ်မယ်ထင်တဲ့ အစစအရာရာကို ကူညီမယ့် အဖွဲ့အစည်းတွေ တောင် အများကြီးရှိနေပါသေးတယ်။ ဒီတော့ အားလုံးကိုတောင် ကျေးဇူးတင်မိလိုက်သေးတယ်။

ရန်ကုန်မြို့ ကြီးရော၊ သမ္မတကြီးကိုရော၊ စီးပွားရေး လုပ်ငန်းရှင်တွေကော၊ ဒီလိုအခြေအနေရောက်လာအောင် ကူညီပေးတဲ့ အဖွဲ့အစည်းတွေကိုရော၊ ဆိုင်ရာဆိုင်ရာတွေကိုရောပေါ့။ ရန်ကုန်မြို့ ကြီးမှာ ကြိုးစားနိုင်ရင် ကြိုးစားနိုင် သလောက် ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်လာတော့ ကျေးဇူးတင်လို့ကို မဆုံးတော့ပါဘူး။ ကိုယ့်အပေါင်းအသင်းတွေမှာလည်း အဆင်မပြေ ရင်တောင် ခက်ခက်ခဲခဲနဲ့ လုပ်ကိုင်စားသောက်နေရသူတွေ သိပ်မရှိတော့ ဒီအခြေအနေဟာ အရမ်းကောင်းနေပြီလို့ ထင်တောင် ထင်မိလိုက်သေး။

ဟိုနေ့က အင်တာနက်က ရှာဖွေရင်း ကချင်စစ်သတင်းတွေ ဝင်ဖတ်မိ တယ်လေ။ ကြားတာကြာပေမယ့် ကိုယ်လည်းမအားတော့ ကိုယ့်အရေး မဟုတ်သလို ခေါင်းထဲတောင် ထည့်မထားမိခဲ့ဘူး။ ခုတော့ မြင်လိုက်ရတဲ့ ဓာတ်ပုံတွေက စိတ်မချမ်းသာစရာ။ ကိုယ်ချင်းစာတယ် ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားဖူးမှ အများကြီး ခံစားပေးလို့ ရတာလေ။ ဟာ.... သနားစရာကောင်းလိုက်တာလို့ စိတ်ထဲမှာ ရေရွှတ်လိုက် ပေမယ့် အတွင်းကျကျ စာနာနားလည်ပေးနိုင်စိတ် ပေါ်ဖို့ကျတော့ ကိုယ်တိုင် မဟုတ်တော့ ပြောရလည်းအခက်သား။

ဒီလိုနဲ့ နယ်တွေဖက် ခရီးရောက်ဖြစ်သေးတယ်။ အလုပ်ကိစ္စခေါင်းစဉ်နဲ့ပေါ့။

များလိုက်တာ၊များလိုက်တာ

များလိုက်တဲ့ အလုပ်လက်မဲ့ လူငယ်လေးတွေ။ ကိုယ့်ငယ်ပေါင်း မိတ်ဆွေတွေတောင် "သယ်ရင်း မင်းကတော့ ရန်ကုန်မှာ ရေရေလည် လည်မိုက်နေတယ်ကွာ၊ အဆင်ပြေရင် င့ါကို အလုပ်လေး တစ်နေရာလောက် ရှာပေးပါအုံး" လို့ စသလိုလိုနဲ့ အတည်ပြောကြတယ်။ အချို့ က ဘွဲ့ရပညာ တတ်၊ အချို့ က ၁၀ တန်းအောင်၊ အချို့ က ၇ တန်းကျ ကျောင်းမတက်၊ အချို့ ကျတော့လည်း ပိုက်ဆံရပြီးရောကွာနဲ့ တွေ့ကရာ အလုပ်လုပ်သူက ရှိသေးတယ်။

အရမ်းခင်လို့ သွားရှာတွေ့မယ့် သူငယ်ချင်းက အချုပ်ထဲရောက်နေ တယ်လေ။ သူက ဆေးခြောက်တွေ ဖြန့်တာကို။ ကိုယ်တိုင်က လည်း ဆေးဆွဲနေတော့ ထောင်လဲကျမယ်။ ဆေးလည်းဖြတ်ရမယ်။ အခြေအနေမကောင်းရင် ဒီထက်တောင် ဆိုးနိုင်သေးသပ။

အချို့ ကျတော့ ရန်ကုန်မြို့ ကြီးရောက်ချင်လွန်းလို့ ဘာအလုပ်ပဲ လုပ်ရလုပ်ရ ဆိုပြီး စားသောက်ဆိုင်ရောက်သူကရောက်၊ ပွဲရုံမှာ ကုန်ထမ်းဖြစ်သူက ဖြစ်၊ ပညာတတ်ပြီး ငွေရှိတဲ့ သူအချို့ ကတော့ အဆင်ပြေသွားတာပေါ့။

ဟာ....။ ရှုပ်လိုက်တာ။ ဒါတောင် အိုးအိမ်မရှိလို့ ထွက်ပြေးနေတဲ့ ကချင်က ဒုက္ခသည်တွေအကြောင်းကို ခေါင်းထဲ ထည့်မထားဘူး။ အေးချမ်းတဲ့ မြို့ ကြီးက လူတွေတောင် အလုပ်ရှားရ၊ ဝင်ငွေနည်းရ၊ ပျက်ဆီးရနဲ့ စစ်ခဏခဏ ဖြစ်၊ သတ်ပွဲတွေ ခဏခဏဖြစ်နေတဲ့ ဒေသမှာ ကြီးပြင်းတဲ့ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး၊ လူအို တို့ဆိုရင် ဘယ်လိုနေမလဲ။

တို့တွေက ရန်ကုန်မှာ ဈေးသက်သာဖုန်း ထွက်မယ်ဆိုလို့ ပျော်နေ တာ၊ ချောင်ချောင်လည်လည်ရှိလို့ ပျော်နေတာ၊ နယ်တွေဘက်မှာ၊ တောတွေထက်မှာ အပျက်ပျက်နဲ့ နှားခေါင်းသွေး ထွက်နေတဲ့ ကိစ္စတွေကို ခေါင်းထဲ မထည့်မိခဲ့ဘူး။ ငါ ကွန်ပြူတာရှေ့ မှာ စာတွေရိုက်၊ Facebook သုံးနေပေမယ့် မြန်မာပြည်တွင်းက င့ါလို ရွယ်တူ လူငယ် တစ်ယောက်အနေနဲ့ ဘာတွေလုပ်နေမလဲ။

မိသားစုနဲ့ စင်္ကာပူကို အလည်ခရီးပဲ သွားနေမလား၊ ဈေးကြီးပေး ပညာသင်ကြား ကျောင်းတွေပဲ စာတွေပဲလုပ်နေ မလား၊ နိုင်ငံခြားကျောင်း မှာပဲ စာတွေနဲ့ အလုပ်များနေမလား၊ ချစ်သူနဲ့ပဲ အချိန်ဖြုန်းနေကြ မလား၊ ဘော်ဒါတွေနဲ့ ဒိုးနေကြမလား၊ သီချင်း သစ် အတွက် စတူဒီယိုမှာ သီချင်းသွင်းနေကြမလား၊ မော်ဒယ်ပြိုင်ပွဲ တစ်ခုအတွက် ပြင်ဆင်နေမလား။

တစ်ဖက်ကလည်း

ဝေါ့ရှော့က ဆီးချေးတွေကြားပဲအလုပ်လုပ်နေမှာလား၊ ငွေရဖို့ တစ်ခုတည်းနဲ့  ဆေးခြောက်ပဲ ကုန်သွယ်နေမလား၊ ပွဲရုံမှာ ကုန်ထမ်းနေမလား၊ စစ်ဘေး ကြောင့် ဒူးနှစ်လုံးကြား ခေါင်းညှပ်လို့ ထမင်းပဲ စားနေမလား၊ သေ နတ် အထောက်ခံထားရလို့ ငိုနေမလား၊ မိသားစု အိမ်အသိမ်းခံရလို့ တစ်နယ်တခြား ခြေဦးတည့်ရာ သွားနေပြီလား၊ လယ်ကွင်းမှာ အလုပ်တွေများနေမလား၊ နေပူဒဏ် တော်တော် ခံနေရပြီလား။

အဲယာကွန်းခန်းမှာ ထိုင်ပြီး စာရေးနေတဲ့ ကျနော်တို့ကတော့ လက်တွေ့ကျကျ ကြုံတွေ့နေရသူအကြောင်းကို ဘယ်လောက်ကြီး သိအုံးမလဲလေ။

အရောင်လှတဲ့ မြင်း ၁၀ ကောင်ကို အစားကောင်းကျွေးတော့ သခင့် ကို ကျေးဇူးတင်နေမှာပဲ။ အရောင်မလှလို့ ကွင်းထဲမှာ ခြံစည်းခပ်ပြီး လွတ်ထားတဲ့ မြင်းက အကောင် ၁၀၀၀ မကလေ။ ၁၀ ကောင်ထဲမှာ ပါတဲ့ ကျနော်ကတော့ သခင့်ကို ရှယ်တွေ ကျေးဇူးတင်ပစ်လိုက် တာ။ ကောင်း လိုက် တဲ့ င့ါသခင်၊ အစားကောင်းတွေ ရှယ်ကျွေး သဟတွေ ပျော်မဆုံးဖြစ်ခဲ့ပေါ့။

ကျနော်သာ ကွင်းထဲမှာ အလွတ်ခံထားရတဲ့ မြင်းထဲက တစ်ကောင် ဖြစ်ခဲ့ရင် ဒီ ၁၀ ကောင်ကို ဘယ်လိုမြင်တော့မလဲ။

ခုတောင် ကိုယ်က ညီမအတွက် ဆိုင်ကယ်ဝယ်ပေးမယ်။ ဖုန်းဝယ်ပေးမယ်။ ရန်ကုန်မှာ လပေးစနစ်နဲ့ တိုက်ခန်းဝယ်မယ် အစရှိတဲ့ မျော်လင့်ချက် အိပ်မက် တွေကို လက်တွေ့အကောင်အထည်ဖော်ရင်း ပျော်ရွှင်နေတာ။

အလုပ်လက်မဲ့ဖြစ်ပြီး မိသားစု ဆင်းရဲရတဲ့ သူတွေက ဘာတွေတွေးနေမလဲ။ စစ်ကြောင့်မို့ ထမင်းငတ်လုနီးနီးထွက်ပြေးနေတဲ့ လူတွေကျတော့ ဘာတွေ လုပ်နေမလဲ။ ထမင်းတစ်နှပ်အတွက် အလုပ်တွေ တစ်ပိတစ်ပိုးလုပ်နေရတဲ့ သူတွေကျတော ဘယ်လိုရှေ့ ဆက်မလဲ။ သေမလားမသိ၊ ရှင်မလား မသိ အသက်ကို ဓားသွားပေါ် တင်ပြီး လျှောက်ရတဲ့ သူတွေကတော့ ကျနော်တို့ သုံးတဲ့ Facebook ဆိုတာ သူ့အတွက် ချိုမြိန်ချင်မှ ချိုမြိန်မှာလေ။

ကဲ စဉ်းစားရင်း အတွေးတွေ အတော်လေးများသွားပြီ။ ကိုယ်ချင်းစာ ကြစို့ဗျာ။ ကျနော်တို့ အဆင်ပြေနေပေမယ့် အဆင်မပြေတဲ့ သူတွေ အများကြီး၊ ဆင်းရဲနေသူ အများကြီး၊ ရုန်းကန်နေရသူတွေ အများကြီး၊ တိုင်းပြည် တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကျနော်တို့ တိုးတက်နေရုံနဲ့ မရဘူးလေ။


ကျနော်တို့ တတ်သလို၊ ကျနော်တို့ ရသလို၊ ဖြစ်သလို၊ ရှိသလို ကို အားလုံး သာ ရလိုက်ရင် ငါတို့ တိုင်းပြည် ဘယ်လောက်တောင် တိုးတက်မလဲ။ ငါက နိုင်ငံခြားမှာ ကျောင်းတက်တယ်။ ကျောင်းမတက်ရတဲ့ တို့နိုင်ငံက လူငယ်တွေကို ဘာပြန်လုပ်ပေးသင့်လဲ။ ဆင်းရဲတဲ့ သူတွေကို ဘာလုပ်ပေးသင့်လဲ။

ခုက ဒန်အိုးကြီးလိုပဲ။ ချိုင့်နေတဲ့ နေရာက မီးနဲ့ နီးတော့ သူက ပိုပူမယ်။ ကြက်ဥကြော်ရင် အလယ်က ပိုကျက်လွယ်ပြီး ဘေးအသားက နည်းနည်း နုနေသေးတယ်။ သရက်သီးလိုပဲလေ၊ တစ်နေရာထဲမှာ ကွက်နုပြီး အခြားအပိုင်းတွေစိမ်းနေရင် စားလို့ ကောင်းပါ့မလား။ ကိုယ်တစ်ယောက်တည်း အဆင်ပြေပြီး အားလုံးခက်ခဲတဲ့ အခြေအနေ မှာ ဒီအသိုက်အဝန်းကရော လှပပါ့မလား။

ဒီလိုပါပဲ ကျနော်တို့ လူနည်းစုလေးက အဆင်ပြေ၊ချောင်ချိတယ်လို့ မဟုတ်တောင် အဲ့လိုဖြစ်ဖို့ အခွင့်အလမ်းတွေ လွယ်ကူနေပေမယ့် မလွယ်ကူပဲ ကြိုးစားရုန်းကန်နေရတဲ့ လူတွေ အများကြီးမှ အများကြီးရယ်။ ကိုယ်ကသာ င့ါမိသားစု အဆင်ပြေရင် ပြီးရောလေဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားပစ်လိုက်တာ တစ်နေ့တော့ သူဌေးဖြစ်ပါလေရော။ ဖြစ်မှာပေါ့ ဒါသူကြိုးစားတာပဲ။ ဒါသူတော်တာပဲ။ ကံကလည်းလိုက်တာပဲ။ အင်း. လက်ခံတယ်။

တော်လည်းမတော်၊ ကံလည်းမလိုက်၊ ဥာဏ်မလည်းမလိုက်၊ ဆင်းရဲတဲ့ သူတွေအတွက် အနာဂတ်ကဘာလဲ။ ကံမလိုက်ဘူး။ ဆင်းရဲတယ်။ သို့ပေမယ့် ဥာဏ်ကောင်းသပ သူတို့လို ရွှံ့  ထဲက ပတ္တမြားလုံးကိုရော ဘယ်လို ဆယ်ထုတ်ပေးမလဲ။

ကျနော်ကတော့ ၁၀ ကောင်စာရင်းထဲမှာပါနေလို့ သခင်ကိုကျေးဇူးတင်ပေ မယ့် အတင်မလွန်ချင်သေးဘူး။ ကွင်းပြင်က အကြောင်းအမျိုးမျိုးကြောင့် တောက်ပလျက်၊ သန်မာလျက်၊ အရောင်လှလျက်နဲ့ ပျောက်ကွယ်နေတဲ့ မြင်းကောင်းတွေ အများကြီးပဲ။ တိုင်းပြည် တစ်ခုတိုးတက်ဖို့ဆိုတာ ကိုယ်တစ်ယောက်တည်း တော်နေလို့ လုံးဝ မရဘူး။ ဟီးရိုးတွေကို အားကျတယ်ဆိုတာ ရုပ်ရှင်တွေထဲမှာပဲ ကောင်းတယ်။ အပြင်မှာ အားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အားလုံး ဖွံ့ဖြိုးတိုးတက်နေမှ။ ကိုယ်မှာ ရှိတဲ့ အတွင်းအားတွေကို နောက်ကျောခုံးမှာ ရိုက်ပြီးပေးတဲ့ သိုင်းကားတွေလို တကယ်ရရင်လည်း မဆိုးဘူး။ ဒါဆို အားလုံးမျှဝေလို့ရတယ်လေ။

ကဲ။ မျှဝေကြစို့ဗျာ။ မျှဝေကြစို့။ ကိုယ်တတ်သမျှ တစ်လုံးမကျန် ပြန်လည် မျှဝေကြမယ်လေ။ ရှိတာတွေ၊ ပိုင်တာတွေ နိုင်သလောက်မျှဝေကြမယ်လေ။ တစ်ချိန်မှာ အားလုံးဟာ နိုင်ငံ အတွက် အားကိုးအားထားရသူ များ ဖြစ်ကိုဖြစ်ရမှာပါ။

အောင်ခမ်း (International news for myanmar)
--

0 comments: