မြန်မာပြည်၏ မသိချင်ယောင်ဆောင်ထားသော လူကုန်ကူးမှုများ ပပျောက်ရန်



လူကုန်ကူးမှု (Human Trafficking) ဆိုတဲ့ အဓိပ္ပါယ်ကို အားလုံး အကြမ်းဖျင်း နားလည် ထားပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ယင်းအကြမ်းဖျင်း အဓိပ္ပါယ်ကတော့ လူကို ကုန်စည်ကဲ့သို့ ကူးသန်းရောင်းဝယ်ခြင်း ဖြစ်ပါတယ်။ အမှန်တော့ ဒီထက်မကတဲ့ အဓိပ္ပါယ်တွေ ရှိနေပါတယ်။

ဒီတော့ အားလုံး သိကြတဲ့အတိုင်း နယ်စယ်မှာ ရောင်းစားမယ်၊ ပြည်ပကို လူရောင်းစားမယ်။ ဒါကတော့ သိသိသာသာကြီးကို ထင်ရှားနေတဲ့ လူကုန်ကူးမှု ဖြစ်ပါတယ်။ မသိမသာ လူကုန်ကူးမှု တစ်ခု ရှိပါသေးတယ်။ ဒါကတော့ နိုင်ငံခြားမှာ အလုပ်ရမယ်။ နေရာကောင်းကောင်းမှာ အလုပ်ရမယ်ဆိုတဲ့ မြှူဆွယ်မှုနဲ့ အလုပ်ခေါ်ပြီး တကယ်လုပ်ရတာနဲ့ ကျတော့ တစ်လွဲတွေ ဖြစ်သွားရှာပါတယ်။ ဒါကလည်း လူကုန်ကူးခြင်းဆိုတဲ့ ခေါင်းစဉ် အောက်ထဲကို ရောက်သွားပါတယ်။ နောက်ထပ် လုံးဝကို မသိသာတဲ့ လူကုန်ကူးမှု တစ်ခုရှိပါသေးတယ်။ ဒါကို လူတော်တော်များများ လုပ်နေ ပါတယ်။ မြန်မာပြည်မှာတင် တော်တော်များများကို လုပ်နေပါတယ်။ ဒါက ဒီလို ရှိပါတယ်။

လူတိုင်း လူကုန်ကူးမှု ပြုလုပ်နေကြသည်

စာဖတ်သူ အိမ်မှာ အလုပ်သမား ရှိပါသလား။ ဘယ်အရွယ်လဲ။ ဘာတွေ လုပ်ခိုင်းသလဲ။

၁။ အသက် ၁၈ နှစ်ထက် ငယ်မယ်။
၂။ ထိုက်တန်သော လစာ မပေးဘူး။
၃။ မတော်မတရား ခိုင်းစေမယ်။

အထက်ပါသုံးချက်နဲ့ ညှိတဲ့ အလုပ်သမား တစ်ဦး ဖြစ်ဖြစ် ကိုယ့်ဆီမှာ ရှိနေမယ်ဆိုရင် ဒါဟာ စာဖတ်သူလည်း လူကုန်ကူးမှု ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ မရှင်းသေးရင် ထပ်ရှင်းပြပါမယ်။

စာရေးသူနဲ့ ခင်မင်တဲ့ မိတ်ဆွေ တို့ မိသားစုက စကားဆိုလာပါတယ်။ “သားရယ် သားတို့ နယ်ဘက်က တိုင်းရင်းသား ကလေးလေး တစ်ယောက်လောက် လိုချင်တယ်။ အန်တီ့အမေက လေဖြတ်နေတော့ ပြုစုမယ့်သူ မရှိဘူ။ အဲဒါ ကလေးတစ်ယောက်လောက် ရှိမှာ အဆင်ပြေမှာမို့။ အရင်က လုပ်နေတဲ့ ကလေးမက ရွာပြန်သွားရှာပြီ။ အမေ့ခမျာ ပြုစုမယ့်သူ မရှိဘူး ဖြစ်နေတယ်။ လစလွာလည်းပေးမယ်။ အိမ်အလုပ်လည်း သိပ်မခိုင်းပါဘူး။”

အထက်ပါ မေးခွန်းနဲ့ ကလေးတစ်ယောက် ရှာခိုင်းပါတယ်။ စာရေးသူက ကလေးဘက်ကနေ ဝင်တွေး ပေးကြည့် ပါတယ်။ အလုပ်ရမယ့် ကလေး ခမျာတော့ အလုပ်သာလုပ်ပေးရမယ်။ လေဖြတ်တဲ့ အမေအိုနဲ့ သူ့ မိသားစုဝင်တွေ ဝိုင်းအဟိန်းအဟောက်ခံနဲ့ သူ့ဘဝ ခမျာ နေ့တိုင်း အပိုးကျိုးနေအောင် အခိုင်းခံရမှာ ဖြစ်ပါတယ်။ အဆူအဆဲက ခံပါများရင် သူ့အတွက် ဘာမှ မဟုတ်တော့ဘူးဆိုပေမယ့် သူ့ဘဝ ရှေ့ ရေးကတော့ အမြဲ အစေခံဘဝနဲ့ ဇာတ်သိမ်းရမယ့် သဘော ရှိပါတယ်။ ဒါဆိုရင် ယင်းကလေးမတော့ ကျွန်စစ်စစ် ဖြစ်သွား ရရှာပြီ ဖြစ်ပါတယ်။ ဒီအပေါ် စာဖတ်သူ ဘယ်လိုမြင်ပါသလဲ။ အကယ်၍ စာဖတ်သူဆီမှာ နေမကောင်းတဲ့ အမေအို ရှိမယ်၊ ပိုက်ဆံကလည်း ရှိမယ်။ ကိုယ်ကလည်း မအားဘူးဆိုရင် ဒီလို အလားတူ ကလေးတစ်ယောက် ခေါ်ဖို့တော့ စိတ်ကူးမိအုံးမှာပဲ ဖြစ်ပါတယ်။

အားလုံးလည်း သိတဲ့အတိုင်း မြန်မာပြည်မှာ လူတန်းစားခွဲကြည့်တဲ့အခါ ငွေကြေးအရကြည့်ရင် ကွာဟမှု ရှိသလို၊ ပညာရေးအရလူတန်းစား ခွဲရင် လည်း အများကြီး ကွာဟ နေပါတယ်။ ဒီတော့ ရှင်းရှင်းသာ ပြောရရင်၊ အားမနာတမ်း ပြောရရင် ငွေမရှိ၊ ပညာမတတ်တဲ့ သူတွေက ငွေရှိ၊ လူချမ်း သာတွေဆီမှာ အခိုင်းအစေ ဖြစ်ရပါတယ်။ ယင်းအခိုင်းအစေ ဖြစ်မှုမှာ အထက်ပါ ဖော်ပြချက်အတိုင်း သုံးချက်ပါနေရင်တော့ စာဖတ်သူဟာ လူကုန်ကူးမှု ပြလုပ်နေခြင်းမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။ ဒီတော့ လူကုန်ကူးမှု လုံးဝ ရပ်လို့ ပါးစပ်က  ကြွေးကြော် နေပေမယ့် အိမ်မှာ အစေခံ ရှိနေရင် သင်ဟာလည်း လူကုန်ကူးခြင်း လုပ်ရပ် လုပ်ကိုင်နေသူ စာရင်းထဲ ပါဝင်သွားပါတယ်။ စာဖတ်သူ လက်ခံပါသလား။

မသက်သာလို့ ကျွန်ထားရတာဟု ဆိုသော်လည်း

“ဒါဆို နင်ဘာလုပ်ပါလား။ ငါတို့ ဒီလောက်ငွေကြေး တတ်နိုင်လို့၊ ဒီကလေး ကို၊ ဒီမိန်းကလေးကို၊ ဒီကောင်လေးကို အိမ်မှာ အလုပ် လုပ်ဖို့ခေါ်တယ်။ သူကလည်း သဘောတူလို့ လာလုပ်တယ်၊ ဒီမှာ ဘာမှားတာ ရှိလဲ” ဒီလိုမေးခွန်းတွေထပ်လာရော ဘယ်သူမှ မဖြေနိုင်တော့ပါဘူး။ ဒီတော့ ခေတ်သစ်ကျွန်စနစ် ခေါ်လူကုန်ကူးမှုဆိုတာ နယ်စပ်တွေမှာ၊ ပြည်တွင်းပြည်ပ အချိတ်အဆက်တွေမှာ ပပျောက်သွားပေမယ့် မြန်မာပြည်က မြို့ ကြီးပြကြီးတွေ၊ နေရာနေရာတွေ ခေတ်သစ်ကျွန်စနစ်ကို အားလုံးက လက်ခံ ကျင့်သုံး နေကြပြန်ပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းပေး မလဲ……။

စာရေးသူ အရင်က ရေးခဲ့ဖူးတဲ့ ဆောင်းပါးထဲကလိုပဲ ပညာသင်ပေးခြင်းက လက်တလော ကာလအတွက်ကတော့ အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။ ပညာဆိုလို့ ကျောင်းတက်နေမှ ပညာကို ဆိုလိုခြင်း မဟုတ်ပါ။ တစ်ချိန်မှာ သူ့အတွက် ဘဝအာမခံချက်ရှိတဲ့ ပညာရပ် တစ်ခုကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ- အဝတ်ချုပ်၊ စာရင်းကိုင်၊ ဘာသာရေး စာပေ အစရှိသဖြင့် ဘဝ အာမခံချက်ရှိတဲ့၊ တစ်ချိန်ကိုယ့်ဆီမှာ အလုပ်မလုပ်တော့ဘူး ဆိုတဲ့ အချိန် သူ့အတွက် ဘဝရပ်တည်နိုင်မယ့် ပညာတစ်ခုခုကို ကိုယ်က သင်ပေးရ မှာဖြစ်ပါတယ်။

ပရဟိတ လုပ်တာ မဟုတ်သော်လည်း

“အလုပ်သမားခေါ်တာ။ ပရဟိတ လုပ်ဖို့ မဟုတ်ဘူး။ ပညာဒါန လုပ်ဖို့ မဟုတ်ဘူး” လို့ စာဖတ်သူ အချို့  ကွန်းပလိန့် တက်ချင်ပါလိမ့်မယ်။ ဒါဆို ထိုကဲ့သို့ မေးခွန်းထုတ်သူကို ပြန်မေးချင်ပါတယ်။

“ပညာမတတ်တဲ့ သူတွေကို သက်ဆိုးရှည်စေမှာလား၊ ကျွန်မွေးမှာလား”
တိုက်ရိုက်မဟုတ်ရင်တောင် အခြားနည်းလမ်းနဲ့ ကိုယ့်အပေါ်ရော တိုင်းပြည်ပေါ်ကိုပါ ထိခိုက် နစ်နာ စေမှု များစွာ ရှိပါတယ်။
၁။ ပညာမတတ် အစေခံထားရှိခြင်းဖြစ် ပညာမတတ် မိသားစု ရပ်ဝန်းကျယ်ပြန့်လာပါမယ်။

၂။ ယင်းပညာမတတ် ရပ်ဝန်း ကျယ်ပြန့်လာသည်နှင့်အမျှ တိုင်းပြည်ရော ကိုယ့် ပတ်ဝန်းကျင်ကိုပါ ထိခိုက် ဆုံးရှုံး နစ်နာစေမှုပေါင်း မြောက်များစွာ ရှိပါတယ်။ (စာရေးသူ ပြောနေစရာတောင် မလိုပါဘူး။ စာမတတ် လူတွေ မြန်မာပြည်မှာ များလာရင် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်)

ဒီတော့ ကျွန်ပြုတယ်ဆိုတာ အသက်အရွယ် မရွေးပါလား။ ကလေး၊ လူငယ်၊ လူကြီး အားလုံး မရွေးပဲ အားလုံးကို ပညာမတတ်သက်ဆိုးရှည်စေပြီး အလုပ်ပေးထားရင်တော့ ဒါဟာ ခေတ်သစ် လူကုန်ကူးမှု၊ ကျွန်ပြုမှု တစ်ခုပဲ ဖြစ်ပါယ်။ ဒီအတွက် ကိုယ့်ဆီမှာ ကျွန်ဖြစ်နေရသူတွေကို ဘဝအတတ်ပညာ သင်ပေးဖို့ အများကြီး  ရင်းနှီးစရာ မလိုပါ။ အစေခံ တစ်ယောက်လုံး ခေါ်ထားပြီးမှ သူ့ဘဝ အာမခံချက် ရအောင် ဖန်တီးပေးဖို့ဆိုတာ ဘာမှ မခက်ခဲပါဘူး။ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ကူညီပေးရုံ ဖြစ်ပါတယ်။

ကျွန်မရှိစေရ

ဒီတော့ အားလုံး ပညာတတ်လာမယ်။ ပညာတတ်လာတော့ ဥာဏ်ရည် ပိုင်းဆိုင်ရာ ခြားနားချက် နည်းလာပြီး ဘယ်အလုပ်မဆို သူ့အရာနဲ့သူ ဂုဏ်ဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။ ဒီတော့ အိမ်အစေဆိုတာလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲကလိုပဲ အဆင့်အတန်း တစ်ခုရှိပြီး စားသောက်ဆိုင် စားပွဲထိုးဆိုတာ ကျောင်းသားတွေ အတွက် အပိုဝင်ငွေ ရှာစရာ နေရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကလေးတွေ မလိုတော့ပါဘူး။

၁။ ကလေးဆိုတာ အလုပ်ခိုင်းဖို့ မဟုတ်ပါဘူး။
၂။ ကလေးဆိုတာ ပညာသင်ကြားပေးဖို့ ဖြစ်ပါတယ်။
၃။ ကလေးဆိုတာ အနာဂတ်မှာ နိုင်ငံ့ တာဝန် လွဲပြောင်းယူမယ့် သူများ ဖြစ်ပါတယ်။
၎။ ပလပ်စတစ် ကောက်သော၊ တောင်းရမ်းစားသောက်သော၊ အစေခံလုပ်သော ကလေးများ မရှိစေရ။

အထက်ပါ လေးချက်အတိုင်း ရည်မှန်းချက် ပြည့်မှီအောင် အားလုံး ပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်။ ကလေးတစ်ယောက် ကယ်လိုက်နိုင်တာလည်း။ ပညာသင်ပေးလိုက်နိုင်တာကလည်း ခေတ်သစ်လူကုန်ကူးမှု တိုက်ဖျက်ရေး မှာ ကိုယ့်က တစ်တက်တစ်အားနဲ့ ပါဝင်ပေးလိုက်တာ ဖြစ်ပါတယ်။

ကလေးချည်းပြောလို့ ကလေးတွေကိုပဲ လူကုန်ကူးမှုမှာ ပါဝင်တယ်လို့ မဆိုလို။ အသက်မရွယ်မရွေး အစေခံ ဖြစ်နေရသော၊ ပညာမတတ် သေးသော၊ မတော်မတရား အခိုင်းစေ ခံနေရသော အမျိုးသား၊ အမျိးသမီး လူငယ်၊ လူကြီး မရွေး အားလုံးကို ပညာတတ်စရန် ပထမဦးဆုံး ကြိုးစား ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ အားလုံး တန်းတူ ပညာ တတ်ပြီဆိုရင် အလုပ် အကိုင် အခွင့်အလှမ်းဆိုတာ ပြည်တွင်းမှာ ဘယ်နေရာ ရှာရှာရနိုင်မှာ ဖြစ်ပါ တယ်။

လူကုန်ကူးမှု တိုက်ဖျက်ရန် အားလုံတွင် တာဝန်ရှိသည်

ဒီတော့ ခေတ်သစ်လူကုန်ကူးမှု ခေါ် ခေတ်သစ်ကျွန်ပြု စနစ်ပပျောက်ဖို့ ဆိုတာ အစိုးရချည်းကို ပဲ အပြစ်တင်တာဝန် ပေးနေလို့ မရပါ။ အလုပ် အကိုင်အခွင့်အလှမ်းတွေ ဖန်တီးပေးနေသော်လည်း ပညာ တတ်သူ မရှိရင် အလကားပါပဲ။ ဒီတော့ အားလုံး ထွက်လာတဲ့ စကားက မြန်မာပြည်မှာ လစာနည်းတယ်။ အလုပ်ရှားတယ်။ မတရားဘူး၊ ခေါင်းပုံဖျက်တယ် အစရှိ သဖြင့် အားလုံးပြောဆိုကြပါတယ်။

အားလုံး ပညာတတ်တဲ့ အခြေအနေ တစ်ခုကို ဝိုင်းဝန်းဖန်တီး ပေးနိုင်တဲ့ အခါ အလုပ်အကိုင်ဆိုတာ သူများ ဖန်တီးပေးစရာ မလိုပဲ ကိုယ်တိုင်တောင် ရှာစားတတ်ကြ၊ လုပ်ကိုင်တတ်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ လူကုန်ကူးမှု လုံးဝရပ်လို့ ကြွေးကြော်ရင်း မိမိပတ်ဝန်းကျင်က မသိချင်ယောင်ဆောင်ထား သော လူကုန်ကူးမှုကို တိုက်ဖျက်ကာ လှပသော အနာဂတ် များကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
---
အောင်ခမ်း
www.work.com.mm
www.facebook.com/Work.com.mm

0 comments: