၂၀၁၃ ခုနှစ်အတွက် ပြင်ဆင်ခြင်း



၂၀၁၃ ခုနှစ်မှာ ဘာလုပ်မလဲလို့ ဂိုက်လိုင်းပေးရအောင် စာရေးသူက ပညာရှင်တစ်ဦးလည်း မဟုတ်ရပါဘူး။ သို့ပေမယ့် ၂၀၁၃ ခုနှစ် လူတိုင်း လုပ်သင့်တာလေးတွေကို အကြံပေးတဲ့ အနေနဲ့ မျှဝေပေးလိုက် ရပါတယ်။

ကျောင်းတက်နေသူများအတွက်

ကျောင်းတက်နေသူများအတွက် ကတော့ ဘာမှ သိပ် အကြံပေးစရာ မရှိပါဘူး။ ကျောင်းတက်နေသူက အထိန်းအကွတ် ရှိပါတယ်။ အထိန်းအကွတ်ဆိုတာ စာမေးပွဲ၊ ကျူတိုရီရယ်၊ ပရောဂျက် အစရှိသဖြင့်တို့နဲ့ အလုပ်ရှုပ်နေရ၊ ကြိုးစားနေရတော့ သူ့ဟာနဲ့သူ လမ်းက ဖြူးနေပါတယ်။ တစ်နှစ်မှာ ၁၂ ရှိပါတယ်။ သို့ပေမယ့် ကျောင်းကိုတော့ ၁၂ လုံး အချိန်ပြည့် မတက်ရပါဘူး။ အချိန်ကို အကောင်းဆုံး ခွဲဝေ အသုံးချစေချင် ပါတယ်။ ပညာရေးမှာ အထူးကြိုးစား လိုပါတယ်။ နှစ်တွေ ပြောင်းလဲလာတာနဲ့ အညီ ပညာတတ်တွေ တိုးလာဖို့လည်း လိုအပ် လာပါတယ်။

ပညာတတ်ဖြစ်ဖို့ဆိုလို့ ပေးတဲ့စာကို ကျက်၊ တွက်ခိုင်းတဲ့ ပုစ္ဆာကို မှန်အောင်တွက်နိုင်ယုံပဲ မဟုတ်ပါဘူး။ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်ကနေ ပညာရေးမှာ အကောင်းဆုံး ကြိုးစား ယူရပါမယ်။ လပတ်စာမေးပွဲ၊ နှစ်ဝက်စာမေးပွဲ၊ နှစ်ကုန်စာမေးပွဲ အစရှိသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ရပါမယ်။ ကိုယ်ရှာနေတဲ့ ပညာက တစ်ချိန်ကျ လုပ်ငန်းခွင်မှာ အသုံးချရမယ် ဆိုတာကို ခံယူချက်ထားစေ ချင်ပါတယ်။ အတန်းနောက်ကျ၊ အိမ်စာမလုပ်၊ ကျောင်းပျက်၊ ပရောဂျက် မပြီးတဲ့ ဖြစ်ရပ်များက အချစ် ဇာတ်လမ်းတွေထဲမှာပဲ ကြည်နူးဖို့ကောင်း ပါတယ်။ တကယ့် လက်တွေ့ဘဝမှာကျ ဒါတွေဟာ ကိုယ့်ကို တစ်ချိန် ဒုက္ခပေးမယ့် အားနည်းချက်များ ဖြစ်ပါတယ်။ အကောင်းဆုံး ဖန်တီးနိုင်ကြ မယ်လို့ မျော်လင့်ပါတယ်။

လုပ်ငန်းခွင် ရောက်နေသူများအတွက်

လုပ်ငန်းခွင် ရောက်နေသူများအတွက် အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ Business Plan ချထားရပါမယ်။ လုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်၊ လုပ်သားပဲ ဖြစ်ဖြစ် ၁၂ လ ပတ်လုံး ကိုယ်လုပ်မယ့်၊ ကိုယ်ရောက်နိုင်မယ့် ပန်းတိုင် များ၊ အောင်မြင်မှုကို သဘာဝကျကျ တွက်ချက်ပြီး ရေးမှတ်ထားပါတယ်။ Plan A, Plan B အစရှိသဖြင့် တစ်ခုဖြစ်မလာရင် တစ်ခု ဖြစ်လာရမယ် ဆိုတဲ့ အစီအစဉ်များကို ကွန်ပြူတာ ဒိုင်ယာရီထဲမှာပဲ ဖြစ်ဖြစ်၊ စာအုပ် ဒိုင်ယာရီထဲ မှာပဲ ဖြစ်ဖြစ် အားလုံး ရေးမှတ်ထားပါတယ်။ အကောင်းဆုံး ကတော့ ခေါင်း ထဲမှာလည်း ရိုက်သွင်း ထားဖို့ ဖြစ်ပါတယ်။ အချိန်တွေက ကုန်ဆုံးသွား ပါတယ်။ နှစ်တွေကလည်း တစ် ပြီးရင် တစ်တိုးလို့ လာနေပါတယ်။ ထိုနည်းတူစွာ လူတိုင်းလည်း တိုးတက်မှု ရှိလာရပါမယ်။ နှစ်တွေကြီး၊ အသက်တွေ ကြီး ပေမယ့် ကိုယ့် ပညာအရည်အချင်း၊ ကိုယ့်လစာ၊ ကိုယ့်ရာထူး၊ ကိုယ်စွမ်းဆောင်ချက် များက ထင်သလောက် ပေါက်ပေါက် ရောက်ရောက် တိုးမလာဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ ကိုယ့်ရဲ့  ဖန်တီးချက်၊ ကြိုးစားချက်က လူဘယ်နှစ်ယောက်အတွက် အကျိုး ဖြစ်ထွန်းပြီလဲ။ ဘယ်လို အကျိုးဖြစ် ထွန်းအောင်ကြိုးစားရမလဲ အစရှိသဖြင့် နည်းလမ်းရှာ ကြိုးစားရပါမယ်။

ပြီးခဲ့တဲ့ နှစ်က ဘာတွေ အောင်မြင်ခဲ့လဲ သုံးသပ်ပါမယ်။ ဘာတွေ ကျရှုံးခဲ့ လည်း သုံးသပ်ပါမယ်။ အားနည်းချက်ကို ပြန်ရှာပါ။ နှစ်သစ်မှာ ယင်းအား နည်းချက်ကို အခြေခံလို့ ကိုယ့်မှာရှိတဲ့ အရည်အသွေးနဲ့ ပေါင်းပြီး အအောင်မြင်ဆုံး နှစ်တစ်နှစ်ကို ဖန်တီးရန် လိုအပ်ပါတယ်။

အားလုံးသော သူများအတွက်

အထက်က ပြောခဲ့ပြီးသလိုပဲ အချိန်တွေက ကုန်သထက် ကုန်လာပါတယ်။ လူ့သက်တမ်းကလည်း တစ်နှစ်ထက် တစ်နှစ်ကုန်လာပါတယ်။ အသက်တွေကြီးလာပေမယ့် အသက်တွေ ကုန်လာပေမယ့် ယင်းရဲ့  သဘောတရားကို မသိရှိသေးရင် ဘဝမှာ နေရတာ အဓိပ္ပါယ် မရှိသေးပါဘူး။ လူတွေ ဘာကြောင့် သေရတယ်။ အချိန်တွေက ဘာလို့ကုန်ရတယ်။ ဘာလို့ တစ်နှစ်ကုန်တိုင်း  သေဖို့နီးလာပါတယ်။ ဘဝဆိုတာ ဘာလဲ အစရှိ သဖြင့် မေးခွန်းပေါင်းများစွာ ခေါင်းထဲ ရောက်ရင် ဒါဟာလည်း တိုးတက်မှု တစ်ခု ဖြစ်ပါတယ်။ ဒါတွေအာလုံးကို ဘာသာတရားမှာ လေ့လာနိုင်ပါတယ်။ ဘာသာတရားတိုင်းမှာ ဘဝဒဿနနဲ့ ပက်သက်လို့ ဟောကြားထားတဲ့ တရားတော်များ ရှိပါတယ်။ ယင်းများကို တတ်နိုင် သလောက် လေ့လာရ ပါမယ်။

 အောင်မြင်မှု ဆိုတာ လူတွေအတွက်ဘာလဲ။ မနေ့က အောင်မြင်တဲ့သူ ဒီနေ့ကျ ဘာလို့ မရှိတော့တာလဲ။ ဒီတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေ သဘောပေါက် လက်ခံထားရမလဲ အစရှိသဖြင့် မေးခွန်းပေါင်း များစွာကို ဖြေရှင်းဖို့ အတွက် အားလပ်တဲ့အချိန်မှာတင်မကပဲ သီးသန့်ကို အချိန်ပေးဖို့ မိမိ ဘာသာတရား၊ ဓမ္မစာပေများကို လေ့လာ ဆည်းပူးရန် လိုအပ်ပါတယ်။ ဒါဆိုရင် ကိုယ့် ရဲ့ ကြိုးစားမှုက ငါ့အတွက်လား၊ ဘယ်သူ့ အတွက်လည်း ဆိုတာကို နားလည် လာမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်

၂၀၁၃ ခုနှစ်အတွက် ပြင်ဆင်ထားခြင်းက လေထဲမှာ တိုက်ဆောက်တာ လို့ ထင်သူများ ရှိပါတယ်။ အမှန်တော့ ဖောင်ဒေးရှင်းချခြင်းသာ ဖြစ်ပါတယ်။ ယင်း ဖောင်ဒေးရှင်း (အစီအစဉ်ရပ်များ) ကို အမှန်တကယ် အကောင် အထည် ဖော်လို့ ၂၀၁၃ ခုနှစ်မှာလည်း အောင်မြင်မှုများ ဆက်လက် ရရှိနိုင်ကြပါစေလို့ စာရေးသူမှ ဆုမွန်ကောင်း တောင်းပေး လိုက်ရပါတယ်။
--
အောင်ခမ်း
International News For Myanmar

0 comments: