မိုဘိုင်း ဖုန်းပြောခ သက်သာရန် နည်းလမ်း




Missed Call ပေးပါ

ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ
မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။



ပြောနေရင်း ဖုန်းချပါ

ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )

Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထားတာမို့ ၁၀ ရက်အတွင်း ပြောစရာရှိရင် ခများကပဲ အရင်စဆက်ပါလို့လေ။

အင်တာနက် မသုံးပါနဲ့

လည်နေတာကြည့်ပြီး တရားမှတ်တာထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံးသိတဲ့အတိုင်း အင်တာနက်က သိပ်မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကိုမဖွင့်လေကောင်းလေပါပဲ။ ( အင်တာနက်ဖွင့်ပြီး စာပို့ချင်သပဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ကျ အင်တာနက်လိုင်းမကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)

ရည်းစားမထားပါနဲ့

ရည်စားရှိတဲ့သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်းပါပဲတဲ့။ အချို့ ကျတော့လည်း ကောင်မလေး တွေက ပိုကုန်တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ်ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ်က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။

ဖုန်း ပါဝါ ပိတ်ထားပိတ်ထားပါ

အကောင်းဆုံးပဲလေ။ ညဘက်ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။

ဖုန်းမကိုင်ပါနဲ့တော့

အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ  နဲ့ တဏှာ ကြောင့် ဘဝဆိုတာ ဖြစ်လာတာလေ။ ဘဝလောကီ ကိစ္စပျက်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင်ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူးဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင်ပါနဲ့တော့။ မဝယ်ပါနဲ့တော့။ ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။

အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။

(မှတ်ချက်  - အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: