innewsmyanmar မီဒီယာဆိုဒ်၂ နှစ်ပြည့်နှင့် အမှတ်တရ စကား (လူငယ်ခွန်အားပေး ဆောင်းပါး)





အောင်ခမ်း

International news for Myanmar လို့အမည်ရတဲ့ အွန်လိုင်းမီဒီယာ က စက်တင်ဘာလ ၁ ရက်နေ့ ဆိုရင် ၂ နှစ်ပြည့်လို့သွားပါပြီ။ ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Event လေးလည်း လုပ်ဖို့ရှိပါတယ်။ လောလောဆယ် Internatioanl news for Myanmar ဖြစ်ပေါ်လာပုံလေးကို ပြောပြပါ့ မယ်။



Facebook Page က စသည်

International news for Myanmar အစ Facebook ကလို့ပြောရင် မမှားနိုင်ပါဘူး။ INFM ကို တကယ်ပဲ Facebook ကနေစတင်ဖြစ်ခဲ့တာပါ။ အဲ့တုန်းက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ဖြစ်ပြီး ဟိုစမ်း ဒီစမ်းနဲ့ Page လေးလျှောက်လုပ်ဖြစ်ခဲ့တာပါ။ အမှန်တော့ လုပ်ချင်စိတ် လေးလည်း ကိန်းအောင်းနေမှာပေါ့။ ဒီတော့ သပ်သပ်ရပ်ရပ်လေး လုပ်ဖြစ်တယ်။ Profile Pic က အစ ကိုယ်ပိုင်အိုင်ဒီယာ မဟုတ်တော့ လူတွေ့နည်းတဲ့ လိုဂိုပုံစံမျိုးကို ရှာတင်ဖြစ်ခဲ့တယ်။

နိုင်ငံတကာ သတင်းဆိုဒ်တွေ ဖတ်တယ်။ ဘာသာပြန်တယ်။ ရေးတယ်။ တင်တယ်။ ပုံကောင်းကောင်း လေးတွေ ရှာတင်တယ်။ ဒီလောက်ပါပဲ။ အဲ့ page က ကိုယ့်ချည်တိုင်လိုပါပဲ။ ဘယ်နေရာ ရောက်ရောက်၊ ဘာအလုပ် လုပ် အားတဲ့အချိန်လေးတော့ သူ့အတွက် အချိန်ပေးပြီး လုပ်ဖြစ်တယ်။


အခွင့်အလမ်း ရှာဖွေမှု

ဘာနဲ့ သွားတူသလဲဆို ရှေး ခေတ်က ကျနော်တို့  အဖွားတွေ အိင်္ကျီသိုးမွေး ထိုးသလိုပါပဲ။ အားတဲ့အချိန်လေးမှာ အိင်္ကျီ သိုမွေးထိုး ချုပ်ပြီး နောက် ဆုံးပြီးတဲ့အခါ ပြန်ရောင်းလို့လည်းရ၊ သူဒီလိုထိုးတပ်တယ်ဆိုပြီးတော့ လာအပ်သူကလည်း အပ်နဲ့ အဖွားတုန်းက ဝင်ငွေလေး ရလိုက်တယ်။

အခုလဲ ဒီလိုပဲလေ။ Facebook Page လေးကိုရည်ရွယ်ချက် သေချာ မသိပဲ လုပ်မိရာကနေ၊ ကိုယ်ပိုင် ဖန်တီးချက်၊ ရေးသားချက်များကို တင်ရင်း ရှေ့ ဘဝခရီးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေအများအပြား တိုးတက်စေခဲ့ပါတယ်။ အမေရိကန်မှာအခြေဆိုဒ်တဲ့ မြန်မာသတင်းမီဒီယာ တစ်ခုက လှမ်းဆက်သွယ်ပြီး သူတို့ သတင်းဆိုဒ်မှာ သတင်းလေးတွေ ဘာသာပြန်ရေးတင်ပေးဖို့ အကမ်းလှမ်းခံရပြီး သင့်တော်တဲ့ လစာတစ်ခုနဲ့ အလုပ်ရပါတယ်။ အိမ်ကနေ အားတဲ့အချိန်လေးမှာ လုပ်ရုံပဲ။ တင်ပေးရုံပဲ။ ပညာရေးလည်း မထိခိုက်အောင် ကြိုးစားရတာပေါ့။ 

နောက်အလုပ် တစ်ခု ထပ် Join ဖြစ်တယ်။ ကားကုမ္မဏီတစ်ခု က မော်တော် ယာဉ် သတင်းမီဒီယာ တစ်ခု ဖန်တီးဖို့ စိတ်ကူးရှိလို့ သတင်းဆိုဒ်တစ်ခုရဲ့  လိုအပ်ချက်အတိုင်း ယနေ့အထိ တင်ဆက်ရေး သား ပေးလျက် ရှိပါတယ်။ မပြီးသေးပါဘူး။ ပြည်တွင်း အိုင်တီ မီဒီယာ(ဂျာနယ်) ကုမ္မဏီတစ်ခုကို ဆက် Join ပြီး Facebook page နဲ့ Blog ကို တာဝန်ယူလို့ ရေး သားပေးဖြစ်ခဲ့ပါ တယ်။ အဲ့အချိန်မှာ INFM ကို .com ဝယ်ပြီး Blog စလုပ်လိုက်ပါတယ်။

သိပ်မကြာခင် ကာလအတွင်းပဲ ပြည်တွင်း သတင်းစုံ မီဒီယာတစ်ခုရဲ့  ဆိုဒ်နဲ့ Facebook Page ကို တာဝန်ယူ ဦးဆောင် ရေးသားပေးဖို့ အကမ်းလှမ်း ခံရပြီး တည်ဆက်ရေးသားဖြစ်ခဲ့ပါတယ်။ မပြီးသေးပါဘူး။ ပြည်ပ အွန်လိုင်း Service ကုမ္မဏီတစ်ခုရဲ့  Facebook Page လေးခုမှာ Update ပုံမှန်တင်ပေးတဲ့ Facebook Pager တစ်ဦး ဖြစ်လာရပြန်ပါတယ်။ ဒါတင် မကသေးပါဘူး။ အခြားအခြားသော Facebook Page , Site အပြင် ပုံနှိပ်မီဒီယာအချို့ မှာလည်း ယနေ့အထိ အမည်ရာထူး အမျိုးမျိုးနဲ့ တာဝန်ယူ ရေးသားတင်ဆက်ပေးရပါတယ်။ ဒီတော့ စာရေးသူ က စာလေးပဲ ရေးရုံနဲ့ ဘာသာပြန်ရုံနဲ့ အလုပ်တွေ အများကြီးကို တစ်ပြိုင်နက်တည်း ရတဲ့ အနေအထား တစ်ခုကို ရောက်သွား တာပေါ့။ နိုင်ငံခြားသွားစရာမလိုပဲ မြန်မာပြည်မှာတင် ဝင်ငွေကောင်းကောင်းနဲ့ အဆင်ပြေတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုဆိုလည်း မမှားပါဘူး။


အလုပ်မရှားပါ

ဒီတော့လေ။ မြန်မာပြည်မှာ အလုပ်ရှားတယ်ဆိုတာ မှန်ကောင်းမှန်ပါ လိမ့်မယ်။ Opportunity ရှာတတ်သူတွေ အတွက် ကတော့ ခက်ခဲတာ အရာ တစ်ခုမဟုတ်တော့ပါဘူး။ အဓိက ကတော့ Facebook Page ကိုပဲခြေခံလို့ အားလုံး ဖြစ်တည်လာခဲ့တာပါ။ ဒီတော့ ကိုယ်ကိုယ်တိုင် စာရေးဆရာ ဖြစ် လို့ဖြစ်မသိ၊ Blogger ဖြစ်လို့ဖြစ်မှန်းမသိ၊ ရေးပြီး Onilne မှာ Publish လုပ်ဖြစ်ခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးပေါင်းက ၅ ထောင်ကျော်ဝန်း ကျင်လောက် ရှိသွားပါပြီ။ Search Engine Optmizeမဖြစ်တော့ အောင်ခမ်း လို့ စာရိုက်ပြီးလည်း ပြန်ရှာဖို့တော့ မလွယ်တော့ပါဘူး။ တစ်ရက် ၃ ပုဒ်နှုန်းနဲ့ လေးနှစ်စာ တွက်ကြည့်လိုက်တာပါ။ အမှန်တော့ တစ်ရက်ရေး သားနှုန်းက ၁၀ ပုဒ်ပျှမ်းမျှရှိပါတယ်။ အရေအတွက်နဲ့ အတူ အရည်အသွေး လည်း အသက်ကြီးလာသလောာက်၊ အတွေ့ အကြုံ များလာ သလောက်၊ ပညာ ပြည့်လာသလောက် တက်လာမယ် ထင်ပါတယ်။


ကွဲပြားတဲ့ ပညာရေး

ပြန်တော့စဉ်းစားကြည့်မိတယ်။ လုပ်တဲ့အလုပ်နဲ့ သင်ထားတဲ့ ပညာနဲ့ ဆက်ကော ဆက်စပ်ရဲ့ လားပေါ့နော်။ စာဖတ်သူတို့ကော အလုပ်နဲ့ သင်ခဲ့တဲ့ ပညာ၊ ဘွဲ့နဲ့ ကိုက်ကောကိုက်ရဲ့  လား။ အလုပ်မှာ ပျော်ကော ပျော်ရဲ့ လား။ ကျနော်တို့ဆို ကိုက်ကိုမကိုက်တာ။ ၁၀ တန်းကိုအမှတ်များများနဲ့အောင် လည်း ရေကြောင်း ကောလိပ်တက်ပြီး သင်္ဘောသားဖြစ် မှ ငွေကောင်းကောင်းရမယ်ဆိုတဲ့ အတွေးပဲ ဝင်တယ်လေ။ ပတ်ဝန်းကျင် သင်ကြားမှု၊ ဘဝပေးသင်ကြားမှုပေါ့နော်။ မြန်မာပြည်မှာဆိုရင် ဆင်းရဲတွင်းက လွတ်ဖို့ကပဲ ဘဝရည်မှန်းချက် ပန်းတိုင် တစ်ခု အလား ထင်မှတ်ကြတာ ကျနော် တစ်ယောက်တည်း မဟုတ်ပဲ ၁၀ ယောက်မှာ ၈ ယောက်လောက်က ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လိုင်းကြေးပေးပြီး လိုက်ရတဲ့ဘဝက ကင်းဝေးပြီး လစာကောင်းကောင်း ရစေဖို့ စာကြိုးစား တာပေါ့။ အထူးပြုတဲ့ ရေကြောင်း အင်ဂျင်နီယာ  အပတ်စဉ် ၃ မှာ အဆင့် ၁ နဲ့ အောင်ခဲ့တယ်။ ပျော်တာပေါ့။ အပျော်တာရှည်မခံပါဘူး။ လိုင်းကြေး မပေးနိုင်၊ လူကြီး အသိမရှိနိုင်တဲ့ ဘဝမှာ မိုးပျံအောင်တော်နေလည်း သင်္ဘောသားတစ်ယောက်ဖြစ်ဖို့ မလွယ်ဘူးလေ။

မထားသင့်တဲ့ ပညာမာနကလည်း ရှိနေတော့ သင်္ဘောရုံးတွေ မှာ အောက် ကျခံအလုပ်လုပ်ဖို့ စိတ်တောင် မကူးဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဖုန်း အော်ပရေတာ ဖြစ်ရလည်း နည်းလားဆိုပြီး သွားလျှောက်ရာကနေ ဘာသာပြန် သတင်းသမား ဖြစ်လာပြီး ယနေ့အထိ အခြေအနေ တစ်ခု ရောက်လာတယ်ဆိုပါတော့။


အနာဂတ် အတွက် ပြင်ဆင်ခြင်း

ပြန်စဉ်းစားကြည့်တာပေါ့နော်။ လက်ထဲမှာရှိတဲ့ လက်မှတ်က ရေကြောင်း အင်ဂျင်နီယာ Diploma။ လုပ်တဲ့ အလုပ်က စာရေးတာ၊ Blog ရေးတာ။ လုပ်ဖို့စိတ်ကူးခဲ့တာက တစ်မျိုး၊ လုပ်နေတာက တစ်မျိုး၊ လုပ်ချင်တာက ဘာကိုဘာမှန်း မသိ။ ယောင်ဝါးဝါးပေါ့။ ဒါနဲ့ ကျောင်းပြီးပြီးချင်း အဘိဓမ္မာ ကိုယ်တော့ တစ်စိုက်မတ်မတ် လေ့လာသင်ယူဖြစ်ခဲ့တယ်။ အဘိဓမ္မာဂုဏ်ထူဆောင်အထိ အောင်မြင်သွားပေမယ့် လူငယ်ဆိုတော့ စာတွေ့ပဲလေ။ လက်တွေ့ကျင့်ကြံဖို့ကျတော့ သင်္ကြန် ၁၀ ရက်ပဲအချိန်ပေးဖြစ်သေးတယ်။

ဟုတ်နေတာပဲ။ ယူထားတဲ့ Certificate , Degree တို့က လုံးဝကိုမဆီမဆိုင် ပါပဲ။ ဒါနဲ့ ဘယ်ပညာကို အလုပ်လုပ်ရင်း ဆက်သင်လို့ရနိုင်မလဲ Plan ချကြည့်လိုက်တာပေါ့နော်။ ငါဘာလုပ်ချင်လဲ။ ဘာလုပ်နိုင်မလဲ။ ဘယ် ပညာဆက်လေ့လာသင့်လဲ ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘဝအာမခံချက်ရှိတဲ့ ပညာရပ်တစ်ခုကို လိုက်စား ဖို့တော့ ဆုံးဖြတ်မိတယ်လေ။ စာရေးတဲ့ ကိစ္စက လက်ရှိ မြန်မာပြည်မှာ သူ့ Limit တစ်ခုတော့ ရှိနေမှာပေါ့။ တော်နေလို့ တစ်ရက် အပုဒ် ၃၀ ရေးနိုင်ရင်တော့ တစ်မျိုးပေါ့။ ၁၅ ပုဒ်ထပ် ပိုမရေးနိုင်သေးတဲ့ ကျနော်က ၃ ပုဒ်ဆီခွဲလို့ ဆိုဒ် ၅ ခုမှာပဲ တင်နိုင်တာလေ။ ဒီတော့ ဝင်ငွေကလည်း ဒီတိုင်းဆက်သွားရင် ဒီမှာပဲ ရပ်နေမယ်လို့ သိထားတာပေါ့နော်။ ဒါကြောင့် အိုင်တီနဲ့ သိပ်မကွဲပြားတဲ့ ပညာတစ်ခုကို ဆက်သင်ပြီး အနာဂတ်မှာ အလုပ်ကောင်း တစ်ခုရရမယ်ဟေ့ ဆိုပြီး အိုင်တီပညာရပ်ထဲက တစ်ခုခုကို Specialize လုပ်ဖို့ စိတ်ကူးရခဲ့ ပါတယ်။

ဒါနဲ့ပဲ အလုပ်တစ်ခုက ပေးတဲ့ စကော်လာရှစ်ပ်နဲ့ စင်္ကာပူမှာ Networking ပညာ သွားသင်ဖြစ်ခဲ့တယ် ဆိုပါတော့။ CCNA ဖြေဆို အောင်မြင် ပြီး သွားပါပြီ။ Microsoft ရဲ့  MCTS လည်း သြဂုတ်လကပဲ ဖြေလို့ပြီးသွားပါပြီ။ ဆက်လက်ပြီး Microsoft စာမေးပွဲ Cisco စာမေးပွဲတွေ တစ်ခုပြီး တစ်ခု ဖြေဖို့အတွက် ငွေကြေး အသုံးပြုမှု ခွဲတန်း သေချာ ချနေရပါတယ်။ ဒါကတော့ အလုပ်လုပ်ရင်း စာမေးပွဲဖြေရတာဆိုတော့ မလွယ်ဘူးလေ။ မိသားစု တာဝန်လည်း ကျေပွန်ဖို့ ကြိုးစားနေချိန်ဆိုတော့။ အသက်ကလည်း တစ်နေ့တစ်နေ့ ကြီးပြီလေ။ Resources ကောင်းကောင်း မရဘူးဆိုတဲ့ အကြာင်းပြချက်နဲ့ ဟိုယောင်ဒီယောင်လုပ်နေရင် ကိုယ်ပဲကျန်ခဲ့မယ်လေ။ အသက်က ၂၁ နှစ်ကျော်သွားပြီ။ နောက်နှစ်လယ်ဆိုရင် ၂၂ နှစ်။ ဒီလိုနဲ့ အချိန်ကုန်ပြီး ပညာက တိုးတက်မလာရင် ကိုယ်ပဲကျန်ခဲ့မယ်လေ။


ကိုယ်ပိုင် လုပ်ငန်း စိတ်ကူး

ကဲ။ ကိုယ်ပိုင် လုပ်ငန်းလေးတစ်ခုလုပ်ဖို့လည်း စိတ်ကူးကြည့်မိတာပေါ့နော်။ အရင်းနည်းနည်းနဲ့ အမြတ်များများ ရတာ ဘာလုပ်နိုင်မလဲလို့ စဉ်းစားကြည့် မိတာ။ သေချာတာကတော့ ထီထိုးတဲ့ အလုပ်တော့ မဟုတ်ဘူး။ www.innewsmyanmar.com ဆိုတဲ့ ဆိုဒ်လေးကို သတင်းတွေ ပုံမှန်တင်ရင်း စိတ်ကူးကြည့်မိတာပေါ့နော်။ အနာဂတ်မှာ ဒီဝဘ်ဆိုဒ်နဲ့ ဘယ်လို ကိုယ်ပိုင် Business တစ်ခုဖြစ်လာနိုင်မလဲပေါ့။ အားတင်းရင် Update တွေတင်ရင်း မြန်မာပြည်မှာ  Dead ဖြစ်သွားတဲ့ Website တွေ၊ Blog တွေ အများကြီးမှ အများကြီးပါပဲ။ ကဲ။ ကိုယ်ကတော့ မသေသေးဘူး။ ဘယ်အချိန်အထိ တောင့်ခံထားနိုင်မလဲ။ စိတ်ကူးကတော့ DailyMail တို့၊ Mashable တို့လိုမျိုးများ ဖြစ်လာမလားပေါ့လေ။ တစ်ယောက်တည်း ဆက်လုပ်နေရင် ခရီးအရောက်နှေးနေမှာ တော့ သေချာပါတယ်။ ယနေ့အထိ တစ်ယောက်တည်း ဖြစ်နေတော့ ပူးပေါင်းမယ့်သူတွေ လိုလာပြီ။ ဒီတော့ ပူးပေါင်း လုပ်ကိုင်ချင်တဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်။


အနှစ်ချုပ်

အကြံပေးချင်ပါတယ်။ အထူးသဖြင့် မြန်မာပြည်က ကျနော့လိုပဲ ကြိုးစားနေ သူတွေပေါ့။ Money ကို Target မထားပါနဲ့။ ကိုယ် ဝါသနာ ပါမယ့်၊ Passion တစ်ခု ဖြစ်မယ့် အရာကို သေချာ ရှာဖွေပါ။ ကျနော်တို့က ဒီ အလုပ်လေး အဆင်ပြေမလား၊ ဟိုအလုပ်လေးအဆင်ပြေမလားနဲ့ ဟိုစမ်းဒီစမ်းလုပ်လို့ ဒီအခြေအနေကို ရောက်လာတာပါ။ အရမ်းပင်ပန်းပါတယ်။ ယနေ့က အရင်လိုမဟုတ်တော့ပါ့ဘူး။ အလုပ်အကိုင်အခွင့် အလမ်းတွေ များပြား လာပြီး သင်ကြားခွင့်ရှိတဲ့ ပညာတွေလည်း ပိုမိုလို့ တိုးတက် များပြား လာပါတယ်။ ဒီတော့ ကိုယ်တိုင် ဘာလုပ်ချင်တယ်ဆိုတာကို သေချာတွေး စဉ်းစားပြီး တစ်စိုက်မက်မက် လုပ်ပါ။ ကြိမ်းသေအောင်မြင်ပါတယ်။ ကျနော်တို့ကတော့ အခုမှ Plan စချတဲ့ အဆင့်တစ်ခုမှာပဲ ရှိပါသေးတယ်။ ညီငယ်၊ ညီမငယ်များအနေနဲ့ ကျနော်တို့လို မဖြစ်ပါစေနဲ့။ ဘဝ ရှေ့ ရေးနဲ့ ပညာရေးနဲ့ ပက်သက်လို့ အခက်အခဲ တွေရှိရင် တိုင်ပင်နိုင်ပါတယ်။ အကောင်းဆုံး အကြံပေးပါ့မယ်။ အနာဂတ်မှာ တိုင်းပြည် အတွက် ကောင်း ကျိုးပြုတဲ့ လူငယ်များ ဖြစ်လာကြပါစေ။
.
အောင်ခမ်း (International news for myanmar)

.

0 comments: