မိုးကုတ်စက်ဝိုင်း ဆိုလို ဝိပဿနာ ကျင့်တဲ့ စက်ဝိုင်းတော့ မဟုတ်ဘူး။ ရန်ကုန်က
အိမ်ခြံမြေ ဈေးကွက် အကြောင်းကိုပြောမလို့ပါ။
လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပေါ့။ ကျနော်ဆို ငတိလေးပဲ ရှိအုံးမယ်။ အမေတို့ တိုက်က အိမ်ရှင်များနဲ့ စုပြီး အိမ်ခြံမြေ ဈေးကွက် အကြောင်းပြောနေလေရဲ့ ။ မခင်လေးငြိမ်း ဆိုတဲ့ တစ်ယောက် ကတော့ အဆင်းရဲဆုံး ဖြစ်မယ် ထင်တယ်။ အိမ်အပိုင်မရှိဘူး။ ယူလိုက်တဲ့ ယောင်္ကျားက အစိုးရဝန်ထမ်း လည်း ဖြစ်တော့ အိမ်မှာ ကလေးထိန်းရင်း တိုက်ခန်း ၆ လပြည့်ရင်ပြောင်း ရမယ့် ဘဝကိုတွေးပြီး ပူနေပုံပေါ်ရဲ့  ။ အိမ်ရှင်မများ ကလည်း အငယ်ဆုံး လည်း ဖြစ်နေတဲ့ မခင်လေးကို အားပေးစကားအမျိုး မျိုးပြောပြီး ဈေး သက်သာရာ ရှာပေးမယ် ဘာညာ ပြောတာပေါ့။ ပြီးတော့လဲ အဖွဲ့ထဲက ဒေါ်ထားကပဲ ဦးဆောင်ပြီးတော့ ရပ်ကွက်ထဲမှာ အိမ်ပွဲစား လုပ်ဖို့ တိုင်ပင်လေရဲ့ ။ အားတက်တရော ပါဝင်သူက မခင်လေးပေါ့။ အရင်းမလို၊ ပါးစပ်စိုက်ပြီး ငွေရမယ့် အလုပ်လေးမို့ ဒေါ်ထားနဲ့ အတူတွဲလုပ်တဲ့ လူရင်း တစ်ယောက် ဖြစ်သွားတယ်။
စကားပြောပဲ ကောင်းလို့လားမသိ။ ၁ လကို တိုက်ခန်း တစ်လုံး အရောင်းနဲ့ တစ်လုံး အငှား အလုပ်ဖြစ်လိုက်တာ ၃ နှစ်ပြည့်တော့ လက်ထဲမှာ ငွေတော်တော်ရှိသွားပုံရတယ်။ လက်ရှိသူတို့ မိသားစု နေတဲ့ တိုက်ခန်းကို ဈေးဘယ်လောက်များများ ဝယ်ပစ်တယ်လေ။ ၆ လပြည့်တိုင်း အိမ်လခပေး စာချုပ်ချုပ်ရတဲ့ ဘဝကလည်း သူတို့လွတ်သွားတာပေါ့။ သူပဲကံကောင်းတာလား တော်တာပဲလားတော့ မသိ။ ပွဲစားစကားအရ အချည်ကြီး၊ အကွက်ကြီးတွေ မိပြီး သူ့လုပ်ငန်းက ပိုအဆင်ပြေလာတယ်။ အမေနဲ့ တွေ့ဖြစ်ပြီး စကားပြောတော့ သူ့ ရည်မှန်းချက်လေးကို ကြားလိုက်ရသတဲ့လေ။ တိုက်ခန်းတစ်လုံး အပိုဝယ်ပြီး ငှားစားရရင် တော် ပါပြီတဲ့။ သူ့ဆန္ဒပြည့်ဝပါတယ်။ တိုက်ခန်းတစ်လုံးကို အဲ့စကားပြောပြီး ၆ လ အတွင်းဝယ်လိုက်နိုင်တယ်။ လမ်းထဲက တိုက်ပါပဲ။ တစ်လကို ငွေ တစ်သိန်းနဲ့ ၆ လ အငှားစလုပ်တယ်။ မိသားစု တစ်ခုကို တင်ထားတာပေါ့။ ၆ လပြည့်တော့ ဈေးတစ်ခါ တင်ပြီး ၁ သိန်းခွဲလုပ်ပစ်တယ်။ အဲဒီတော့ အခြားမိသားစုတစ်ခုက လာငှားနေပါရော။ နောက် ၆ လပြည့်တော့ ဈေးကို ၃ သိန်းတင်လိုက်တယ်။ ပထမထပ်လည်းဖြစ်၊ အခန်းကလည်း ကျယ်။ လာမေးသူကလည်း များတာကိုး။ မခင်လေးကတော့ အိမ်ပွဲစား လုံးဝ(လုံးဝ) မလုပ်တော့ဘူ။ တိုက်ခန်းငှားစားတဲ့ ဘဝနဲ့ အေးအေးလူလူနေမလို့တဲ့။
စာဖတ်သူတို့ ဘာသွားသတိထားမိလဲ။ ကျနော်ကတော့ မခင်လေး ပိုင်တဲ့ ပထပ်ကို အငှားနေတဲ့ မိသားစုကို သွားသတိထားမိလိုက်တယ်။ ထပ်တူကြီးကိုပါပဲ။ အဲ့က အိမ်ရှင်မ ပေါက်စကလည်း အိမ်ပွဲစားလုပ်ပြီး အခန်းရှာနေသတဲ့။ စကားပြောလဲကောင်းတော့။ ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ အိမ်ပွဲစားစာရင်းထဲ ပါဝင်လာတယ်။ သူကလည်း နေစရာ တိုက်ခန်းတစ်လုံးနဲ့ ငှားစားမယ့် တိုက်ခန်းတစ်လုံး အပိုရရင်တော်ပါပီ တဲ့။
ဇာတ်လမ်းကို သတိထားမိပြီလား။ သံသရာ၊သံသရာ။ တကယ်ကို မဆုံးနိုင်တဲ့ သံသရာ၊ ငွေမရှိပဲ ဆင်းရဲနေသူ အများစုက အိမ်ပိုင်ဖို့ကြိုးစား တယ်။ ငွေရှိလာတော့ အိမ်တစ်လုံးပိုင်တဲ့ ဘဝကနေ မရပ်နားနိုင်ပဲ နောက် တစ်လုံး ထပ်ပိုင်အောင်ကြိုးစားတယ်။ ပြီးတော့ ငှားစားရင်စားမယ်။ ရောင်း စားရင်စားမယ်။ ဈေးတွေကို ကစားပစ်လိုက်ကြတာ။ ရုပ်သေး အခြေခံ လူတန်းစားများက အလှည့်ကျန်တဲ့ ဝင်ကရသလိုပါပဲ။ တစ်ချိန် ငါတို့ အလှည့်ကျ စိတ်ကြိုက်ရုပ်သေးဆွဲပြမယ်လို့ တွေးထားသူတွေချည်း။ ကျနော်ကိုယ်တိုင်လည်း ငွေအပိုရှိရင် ရန်ကုန်မှာ တိုက်ခန်း၊ အိမ်၊ခြံ၊မြေ ဝယ်လို့ ရင်းနှီးမယ်၊ ငှားစားမယ်၊ ဈေးကစားမယ် အစရှိသဖြင့် တွေး ထားခဲ့သူပဲဗျ။ ဝန်ခံပါတယ်။ ပိုနေတဲ့ ငွေကို ရင်းနှီးဖို့အတွက် အကောင်းဆုံးနေရာ အနေနဲ့ ရွှေဖြစ်ရင်ဖြစ်မယ်။ မဖြစ်ရင် မြေဖြစ်မယ်လို့ အားလုံးကလည်း သိထား၊ မြင် ထားကြတာကိုး။
ဘယ်လိုလုပ်တော့မလဲ။ ဒီနေရာမှ မရင်းရင်လည်း ငွေတွေ တစ်နေ့ ကုန်မယ်လို့ သိထားမြင်ထားကြတော့လဲ ဝယ်နေ၊ ဆော့နေသူတွေကို အပြစ်မပြောချင်ဘူး။ ထားပါတော့လေ။ ရန်ကုန်ရဲ့ အိမ်ခြံမြေ ဈေး ကွက်ကတော့ မိုးကုတ် စက်ဝိုင်းကြီးလို ဆက်ပြီးတော့ လည်နေအုံးမှာပါပဲ။
.
အောင်ခမ်း
www.house.com.mm
www.facebook.com/house.com.mm
Photo- roperty-report.com
.
0 comments: